ပုဗ္ဗသီရိ မေ ၁၈
ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူသုံးကုန်ပစ္စည်းထုတ်လုပ်နည်းသင်တန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ ပူးပေါင်း၍ ယနေ့ နံနက် ၁၀:၀၀ နာရီက နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ကျေးရွာအုပ်စု သာယာဝှမ်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမျိုးမျိုးမှ အဖွင့်အမှာစကားပြောကြား၌ "ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် မိသားစုဝင်ငွေတိုးပွားပြီး လူမှုစီးပွားဘဝ မြှင့်တင်လာစေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း" ပြောကြားခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးပြည့်ဖြိုးအောင်နှင့် နေပြည်တော်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းဆရာမ ဒေါ်ဖြူဖြူလွင်တို့က သင်တန်းနှင့်ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဥတ္တရခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးစိုးလင်းက သင်တန်းသား၊ သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းတွင် ကျေးလက်နေပြည်သူ (၂၀) ဦးအား အိမ်တွင်းမှု အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဖြစ်သည့် ဆပ်ပြာဆီ၊ လက်ဆေးဆပ်ပြာ၊ အဝတ်လျော်ဆပ်ပြာ၊ Hand Gel နှင့် ဆပ်ပြာခဲပြုလုပ်နည်းများကို (၁၈-၅-၂၀၂၁) ရက်နေ့မှ (၂၇-၅-၂၀၂၁) ရက်နေ့အထိ (၁၀)ရက်ကြာ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)