မိုင်းငေါ့ မေ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးမည့် တောင်သူများအား သွင်းအားစု ထောက်ပံ့ပေးအပ်ပွဲနှင့် စိုက်ပျိုးရေးနည်းပညာဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မိုင်းငေါ့မြို့အုပ်ချုပ်ရေးမှူး ဦးကြည်စိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ မိုင်းငေါ့မြို့ဦးစီးမှူး ဦးဇေယျာမျိုးက တောင်သူများအား အရည်အသွေးကောင်း မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်ခြင်း အကျိုးကျေးဇူးများ၊ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများတို့ကိုရှင်းလင်းဆွေးနွေးခဲ့သည်။
ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန၊ မိုင်းငေါ့မြို့ဦးစီးမှူးက ၂၀၂၂-၂၀၂၃ ခုနှစ် ၊ မိုးသီးနှံစံပြကွက် စိုက်ပျိုးမည့် တောင်သူများအား မိုးစပါး(လယ်)အတွက် မြန်မာ့ဆန်စပါးသုတေသနဌာန၊ မှော်ဘီမြို့မှထုတ်လုပ်သည့် မှော်ဘီ-၂ မျိုးသန့်မျိုးပွား မျိုးစေ့ ၁၀ ဧကစာ၊ မှော်ဘီ ကောက်ညှင်းမွှေးမျိုးစေ့ ၁ ဧက ခွဲစာ၊ မိုးစပါး(ယာ)အတွက် ကုန်းမြင့် ၂ ယာစပါး မျိုးစေ့ ၅ ဧက စာ၊ သစ်စိမ်းမြေဩဇာအဖြစ် ရတနာရေဆင်းစပ်မျိုး နေကြာ (၁) မျိုး ၅ ဧက စာ၊ ယူရီးယား ဓါတ်မြဩဇာ ၅ အိတ်တို့ကို အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့၊ပြန်/ဆက်)