နမ့်ဆန် မေ ၁၈
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ဘုရားကြီးကျေးရွာအုပ်စု၊ အောက်ဘုရားကြီးကျောင်းတိုက်၌ ကျေးရွာသူ ကလျာဏနွယ်ဝင် သူတော်ကောင်းတို့ပေါင်းစုကာ (၂၁)ကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀နာရီ အချိန်က အောက်ဘုရားကြီးကျောင်းတိုက်၌ ကျင်းပခဲ့သည်။
အခမ်းအနားကို ပင့်ဖိတ်၍ကြွရောက်လာကြကုန်သော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များနှင့် ကျေးရွာနေမိဘပြည်သူများက နမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဘုရားကန်တော့ဖွင့်လှစ်၍ ဧကာဒဿမမြောက် ဂိုဏ်းချုပ်ဆရာတော်ကြီး ဘဒ္ဒန္တဦးဝိမလထံမှ ပရိသတ်အပေါင်းသူတော်ကောင်းတို့က သရဏဂုံသုံးပါးနှင့်တကွ အင်္ဂါငါးပါးနှင့်ပြည့်စုံသော သီလတော်မြတ်ကို ခံယူဆောက်တည်ပြီး အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲကြီးအား အဓိဌာန်ဆီမီးထွန်းညှိပူဇော်ကြသည်။
ထို့နောက် ကြွရောက်လာကြသော ဆရာတော် သံဃာတော် အရှင်သူမြတ်များတို့က ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ခြင်း၊ ရောင်ခြည်တော်ဖွင့်ဘုရားပင့်ဂါထာ ရွတ်ဖတ်ပူဇော်ခြင်း၊ နတ်ဗြဟ္မာများအားဂါထာတော်ဖြင့်ပင့်ဖိတ်ကြားခြင်း၊ အောက်ဘုရားကြီးကျောင်းတိုက် ဦးဆန္ဒာဓိကအရှင်သူမြတ်မှ ပဌာန်းအခါတော်ကြားအမွန်းဂါထာရွတ်ဖတ်ပူဇော်ခြင်း၊ သံဃာတော် အရှင်သူမြတ်များမှ ပဌာန်းပစ္စယုဒ္ဒေသ(၃)ကြိမ် ရွတ်ဖတ်ပူဇော်ပြီး အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ခြင်းကို ( ၇ ) ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)