ကျုံပျော်မြို့နယ်၊ အထောင်မြို့တွင် ၅ ရက်အတွင်း Mask မတပ်ဆင်သူ (၆၀)ဦးကို ယခုဝယ် ယခုတပ် စနစ်ဖြင့်ဆောင်ရွက်

ကျုံပျော်   စက်တင်ဘာ   ၄

လက်ရှိဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ဧရာဝတီတိုင်း ဒေသကြီး၊ ကျုံပျော်မြို့နယ်၊ အထောင်မြို့တွင် Mask မတပ်ဆင်သူများကို ယခုဝယ် ယခုတပ် စနစ် ဖြင့် ဆောင်ရွက်လျက်ရှိရာ ၅ ရက်အတွင်း Mask မတပ်ဆင်သူ (၆၀) ဦးကို ယခုဝယ် ယခုတပ် စနစ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့မပြုလုပ်မီ ယခင် သြဂုတ်လ (၂၇) ရက်မှ (၂၉) ရက်နေ့အထိကို ပညာပေးကာလ သတ်မှတ်ကာ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာပါက Mask စနစ်တကျ တပ်ဆင်သွားလာ‌ ရေးအတွက် အသိပေးလှုံဆော်ခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီးရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့် ဩဂုတ်လ ၃၀ ရက်မှ စက်တင်ဘာ ၃ ရက်နေ့ အထိ Mask မတပ်ဆင်သူ ၆၀ ဦးအား ယခုဝယ် ယခုတပ်စနစ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့‌ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းနှင့် စည်းကမ်း ထိမ်းသိမ်းရေးအဖွဲ့များ ပူးပေါင်း၍ ယနေ့တွင် အထောင်မြို့ဈေးရှေ့နှင့် အထောင်မြို့ လမ်းမကြီး တို့တွင် သွားလာလျက်ရှိသူများအား Mask တပ်ဆင်သွားလာမှု ရှိ/မရှိ စစ်ဆေးခဲ့ကြပြီး Mask မပါ ရှိသူများအား Mask (၃) ခုလျှင် ငွေ (၃၀၀၀) ကျပ်နှုန်းဖြင့် ယခုဝယ် ယခုတပ် ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

နေဝင်းမြင့် (ကျုံပျော်)