တောင်ဥက္ကလာပ မေ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် မိဘပြည်သူများအနေဖြင့် လျှပ်စစ်နှင့်ရေကို ခြိုးခြံချွေတာစွာသုံးစွဲရေး အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲ ၁ အချိန်က ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လျှပ်စစ်ကိုခြိုးခြံချွေတာစွာ သုံးစွဲရေးအသိပညာပေး နံရံကပ်စာစောင်တွင် တစ်အိမ်လုံး မည်သူမျှမရှိနေချိန်၌ မလိုအပ်သော လျှပ်စစ်အသုံးပြုမှု အားလုံးကို ပိတ်ခြင်းဖြင့် လျှပ်စစ်ကို ချွေတာသုံးစွဲပါ၊ အိမ်ပြင်ပ၌ ထွန်းသောမီးများကို နေ့အလင်းရောင်ရှိချိန်တွင် ပိတ်ထားခြင်းဖြင့် လျှပ်စစ်ကို ချွေတာပါ၊ ညအချိန် အိပ်နေချိန်တွင် လျှပ်စစ်မီးများ ပိတ်ထားခြင်းဖြင့် လျှပ်စစ်ကို နေ့စဉ်ချွေတာသင့်ပါသည်၊ လျှပ်စစ်မီးကိုချွေတာလို၊ မလိုလျှင်မဖွင့်နှင့်၊ ကုန်ကျသက်သာ သူငါဝေငှ၊ လျှပ်စစ်အသုံးချွေတာကြ၊ လျှပ်စစ်ကို ချွေတာနိုင်သည့်နည်းလမ်းများစသည့် သိသင့်သိထိုက်သည့် အကြောင်းအရာများနှင့် ရေကိုခြိုးခြံချွေတာစွာသုံးစွဲရေး အသိပညာပေး နံရံကပ်စာစောင်တွင် ဘုံပိုင်ခေါင်းကို မသုံးဘဲဖွင့်ထားခြင်းမပြုပါနှင့်၊ ဘုံပိုင်ခေါင်းမှ ရေစက်ကျမနေစေရန် ကျပ်အောင်ပိတ်ပါ၊ ဆပ်ပြာတိုက်နေစဉ်အတွင်း ရေပန်းကို ဖွင့်မထားပါနှင့်၊ အဝတ်လျှော်စက်အပြည့်အဝတ်ရှိမှသာ စက်ဖြင့်လျှော်ပါစသည့် ရေချွေတာရေး နည်းလမ်းများ၊ အဖိုးတန်ရေကို ချွေတာသုံးစွဲပါစသည်များ ပြသဆောင်ရွက်ပေးထားကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသည် နံရံကပ်စာစောင်များကို နေ့ထူးနေ့မြတ်များ၊ ကာလဒေသနှင့် ကိုက်ညီသည့် အခြားသိသင့်သိထိုက်သော အကြောင်းအရာများကို အသိပညာဗဟုသုတရစေရန် ပြသဆောင်ရွက်လျက်ရှိကြောင်း သတင်းရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)