ဒဂုံမြောက် မေ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ရဟန်းရှင်လူ ပြည်သူများအား သက်ဆိုင်ရာ ဦးတည်အုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီမှစတင်၍ ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံရသေးသူများအား ဆေးထိုးစုရပ်များတွင် ကျန်းမာရေးဝန်ထမ်းများက ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်၊ အိုမီခရွန်ဗိုင်းရပ်ကူးစက်မှုမှ ကာကွယ်နိုင်ရန်၊ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံနိုင်ရန်နှင့် တစ်မြို့နယ်လုံး ရာနှုန်းပြည့်ထိုးနှံပြီးစီးရန်အတွက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မေ ၁၇ ရက်နေ့တွင် သတ်မှတ်စုရပ် ဖြစ်သည့် (၃၈) ရပ်ကွက်ရှိ မင်္ဂလာအေးကျောင်းတိုက် ဆေးထိုးစုရပ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူ(၃၃)ဦးတို့အား Covishield ကာကွယ်ဆေး၊ ဒုတိယအကြိမ်ထိုးနှံသူ (၇) ဦးတို့အား Covishield ကာကွယ်ဆေးနှင့် တတိယအကြိမ် Booster ထိုးနှံသူ (၁၀၄) ဦး တို့အား Astra Zeneca ဆေးနှင့် Covaxin ကာကွယ်ဆေးများအား ဒေသခံပြည်သူ စုစုပေါင်း (၁၄၄) ဦးတို့ကိုဆက်လက် ထိုးနှံပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် အဖွဲ့ဝင်များမှ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ကာကွယ်ဆေး ထိုးနှံပေးနေမှုများအား ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများနှင့် ရပ်ကွက်တာဝန်ရှိသူများမှ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ