သီပေါမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်

သီပေါ မေ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်(၉)နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နီလာစိုးက အသိပညာပေးဆွေးနွေးပွဲ(Talk Show)များပြုလုပ်ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်စန်းစန်းသွယ်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများအကြောင်း၊ နိုင်ငံတော်က ဆောင်ရွက်ပေးနေသော ကလေးသူငယ်ပြုစု စောင့်ရှောက်ကာကွယ်ရေးလုပ်ငန်းများအကြောင်း၊ ကလေးသူငယ်များအခွင့်အရေးနှင့်ပတ်သက်၍ ဆက်သွယ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအကြောင်းနှင့် ကလေးသူငယ်၏ အကောင်းဆုံးအကျိုးစီးပွားကို ဖြစ်ထွန်းစေသော၊ ခွဲခြားဆက်ဆံမှုမရှိစေသော၊ အသက်ရှင်သန်ခွင့်နှင့် ကလေး၏ထင်မြင်ယူဆချက်ကို အလေးထား ဆောင်ရွက်ရမည့်အကြောင်းများနှင့်ပတ်သက်၍ အသေးစိတ် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်   သက်ဆိုင်ရာကဏ္ဍများအလိုက်   အသိပညာပေးဆွေးနွေးပွဲ (Talk Show) များကို ဌာနဆိုင်ရာများအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ လစဉ်ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ အသိပညာပေးဆွေးနွေးပွဲ (Talk Show)များကို သီပေါမြို့နယ်ရုံးမှ ဖွင့်လှစ်ထားသော We Love Hsipaw Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)