ပူတာအို မေ ၁၇
ကချင်ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပူတာအိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်ကိုလွင်နှင့် ဝန်ထမ်းများ လိုက်ပါလျက် ယနေ့ နံနက် (၇)နာရီက မြို့ပေါ်ရပ်ကွက်ရှိ စည်ပင်သာယာဈေးများ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးစဉ် ပြည်နယ်ဝန်ကြီးသည် ပူတာအိုမြို့ မြို့မရပ်ကွက်ရှိ စည်ပင်သာယာဈေးနှင့် ပျံကျဈေးသည်များအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ ဈေးရောင်းဝယ်မှု အခြေအနေများကို မေးမြန်းခဲ့ပြီး မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက မြို့မဈေးအတွင်းနှင့် ပူတာအို-ဆွမ်ပရာဘွမ်-မြစ်ကြီးနားကားလမ်းမကြီးဘေး၊ ခရိုင်ပြန်/ဆက်နှင့် တောင်တန်းသာသနာပြု ကျောင်းတိုက်ရှေ့ ပျံကျဈေးများတွင် ဈေးသန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု အခြေအနေ များကို လိုက်လံရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက ဈေးသန့်ရှင်းသာယာလှပရေးအတွက် လိုအပ်ချက်များနှင့် မြို့မဈေးသည် ဟောင်းနွမ်းပျက်စီး နေပြီဖြစ်သည့်အတွက် ခရိုင်မြို့အင်္ဂါရပ်နှင့် အညီ ဈေးသစ်တည်ဆောက်နိုင်ရေး တင်ပြဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးသည် ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက်ရှိ လေယာဉ်ကွင်းစည်ပင်သာ ယာဈေးအတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးစဉ် မြို့နယ်တာဝန်ရှိသူက ဈေးအတွင်း လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးသည် ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်တွင် မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညိုဦးက ပူတာအိုဒေသ စိမ်းလန်းစိုပြေရေးအတွက် ယခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပွဲတော်ကျင်းပမည့် နေရာပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် အစီအမံများအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက် အစိုးရနည်းပညာ အထက်တန်း ကျောင်းသို့ ရောက်ရှိပြီး ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်သန့်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှ စတင်၍ အလျား ၂၁၁ ပေ၊ အနံ ၇၀ ပေရှိ ကျောင်းသား(၈၀)ဦးဆံ့ ကျောင်းသားအိပ်ဆောင် ဆောက်လုပ်နေမှု အခြေအနေများနှင့် စက်မှုလက်မှုသိပ္ပံကျောင်း ဖွင့်လှစ်ဆောင်ရွက်ထားရှိမှု အခြေ အနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက တည်ဆောက်ဆဲလုပ်ငန်းများ သတ်မှတ်စံချိန် စံညွှန်းနှင့် အညီ အရည်အသွေးပြည့်မီရေး၊ အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ် မရှိစေရေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား ဆွေးနွေးမှာ ကြားခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးသည် ပူတာအိုခရိုင် လျှပ်စစ်အင်ဂျင်နီယာရုံးခန်းမတွင် လျှပ်စစ် ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ခရိုင်လျှပ်စစ်အင်ဂျင်နီယာမှူး ဦးမြင့်ဇော်ဦးက ပူတာအိုခရိုင်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုဆိုင်ရာ အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက တင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးသည် ငွေလက်ခံကောင်တာတွင် ဝန်ထမ်းများ လုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ်ဝန်ကြီးက လျှပ်စစ်ရုံးဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်