ကျောက်ဆည်မြို့တွင် ကျေးရွာ (၁၃) ရွာ Cash for Work စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပေးသောကြောင့် အဆိုပါကျေးရွာများရှိ မိသားစုဝင် (၁၄၄၆) ဦး အပိုဝင်ငွေများရရှိ

​ကျောက်ဆည်၊ စက်တင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ကိုဗစ်-၁၉ ကာလတွင် စီးပွားရေးကုစားမှုအစီအစဉ်အရ ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများကုစားပေးနိုင်ရန်အတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်မှုဖြင့်  ကျေးရွာ (၁၃) ရွာတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်စေရေးအတွက်  အဆိုပါကျေးရွာများရှိ မိသားစုဝင် (၁၄၄၆) ဦး၏ လုပ်အားဖြင့် ဖော်ဆောင်ပေးလျှက်ရှိကြောင်း သိရသည်။

Cash for Work စီမံကိန်းအရ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်  ကျေးလက်နေပြည်သူများ ဝင်ငွေရရှိပြီး မိသားစုများ အဆင်ပြေစေရေးနှင့် ကျေးရွာများဖွံ့ဖြိုးရေးအတွက် ကျေးရွာနေပြည်သူများ၏ လုပ်အားဖြင့် ရွာတွင်းလမ်းများ အဆင့်မြှင့်တင်ခြင်း၊ လမ်းဘေးရေနုတ်မြောင်းများ အသစ်တူးဖော်ခြင်းနှင့် တိမ်ကော နေသောမြောင်းများအား ပြန်လည်ပြုပြင်ခြင်း၊ စိုက်ပျိုးရေးမြောင်းများအားတူးဖော်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် Cash for Work စီမံကိန်းဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျှက်ရှိသော ကျေးရွာများမှာ မြင်းတွင်း၊ ရှမ်းသူငယ်၊ ကျီးပြ၊ သာစည်လေး၊ ဒါန်းတိုင်၊ တရုတ်ကုန်း၊ စိုင်မလန်း၊ ပုထိုးနီ၊ ဘိုးတိုင်ပေါက်၊ သပြေကုန်း၊ အရှေ့သာဂရ၊ အရှေ့ရေပြားတောနှင့် ရွာဘိုးကျေးရွာများဖြစ်ကြောင်းသိရှိရပြီး ဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် ကျေးရွာတွင်းလမ်း (၁၇) လမ်း၊ ပေအရှည်ပေါင်း (၂၈၄၇၉) ပေအား မြေသားတင်ဂျင်ကျောက်မြေနီထပ်ခင်းခြင်း၊ လမ်းဘေး ရေနုတ် မြောင်း (၁၀) မြောင်း၊ အရှည်ပေ (၁၂၄၂၅) ပေတူးဖော်ခြင်း၊ စိုက်ပျိုးရေယူမြောင်း (၃) မြောင်း၊ အရှည်ပေ (၃၆၀၀) ပေ တူးဖော်ခြင်း၊ (၁၁၅) ပေ၊ (၇၀) နှင့် (၁၀၀) ပေ၊ (၉၀) ပေအကျယ်ရှိ သုဿန်မြေနေရာများ ရှင်းလင်းခြင်း စသည့်လုပ်ငန်းများကို ကျေးရွာပြည်သူ (၁၄၄၆) ဦး၏လုပ်အားဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် ပြည်သူများဝင်ငွေတိုးတက်ရရှိကာ ကျေးရွာ (၁၃) ရွာ၌ ဖွံ့ဖြိုးရေး လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သောကြောင့် ကျေးရွာပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမိုတိုးတက်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)