မြန်မာပြည်မြောက်ဖျား ပူတာအိုဒေသရှိ ရဝမ်တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုကို ဖော်ထုတ်ထိန်းသိမ်းပြသထားသည့် ရဝမ်ရိုးရာယဉ်ကျေးမှုပြတိုက်ဖွင့်ပွဲ အခမ်းအနားကျင်းပ

မြစ်ကြီးနား မေ ၁၇

မြန်မာပြည်မြောက်ဖျား ပူတာအိုဒေသရှိ ရဝမ်တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု အမွေ အနှစ်များနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံများကို ဖော်ထုတ်ထိန်းသိမ်းပြသနိုင်‌ရေးအတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ၂၀၁၉-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုအမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးသည့် ရဝမ်ယဉ်ကျေးမှု ပြတိုက်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်၊ ရဝမ် အမျိုးသားဥယျာဉ်အတွင်း ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များက ရိုးရာအက၊ တေးသီချင်းများဖြင့် ကပြ ဖျော်ဖြေခဲ့ကြပြီး ရဝမ်ယဉ်ကျေးမှုပြတိုက်မုခ်ဦးကို ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့် ဆောင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်ထွဋ်ဟန်၊ မြန်မာနိုင်ငံရဝမ်စာပေနှင့် ယဉ်ကျေးမှု အသင်းနာယက ဦးရယ်ဒမ်းတန်နှင့် ဥက္ကဋ္ဌ ဦးထုံဖူးဒဂုဏ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး မုခ်ဦးရှေ့၌ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့ များနှင့် အတူ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြတိုက်၏ ကမ္ဗည်းမော်ကွန်းကျောက်စာတိုင် အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းဆုတောင်းပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြတိုက်ကို မင်္ဂလာမောင်း (၉)ချက်တီး၍ ဖွင့်လှစ်ပေးသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ပြတိုက်အတွင်းခင်းကျင်း ပြသထားသည့် ရှေးရဝမ်တိုင်းရင်းသားတို့၏ လူနေမှုအဆက်ဆက် အသုံးပြုခဲ့သည့် ကျောက်၊ သစ်သား၊ ဝါးတို့ဖြင့် ပြုလုပ်ထားသည့် အိမ်သုံးပစ္စည်းများ၊ ဂီတနှင့် တူရိယာပစ္စည်းများ၊ ဝတ်စား ဆင်ယင်ထုံးဖွဲ့မှုများ၊ အမဲလိုက်ရာတွင် အသုံးပြုသည့် လက်နက်ပစ္စည်းများ၊ ရိုးရာဂျပ်ခုတ် ယက္ကန်းစင်၊ ရေခဲတောင်မှ ထွက်သည့် အဖိုးတန်ဆေးဝါးဖြစ်ပစ္စည်းများ စသည်တို့ကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရဝမ် စာပေနှင့် ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားများနှင့် အတူ မနောတိုင် ဝင်းအတွင်း ပြတိုက်ဖွင့်ပွဲ အထိမ်းအမှတ် ရဝမ်တိုင်းရင်းသားတို့၏ ရိုးရာအဇီးလမ်အကအား ဒေသခံ တိုင်းရင်းသားများနှင့်အတူ တစ်ပျော်တစ်ပါး အတူတကွ စုပေါင်းဆင်နွှဲခဲ့ကြသည်။

ထို့နောက် ဖုန်ကန်ရာဇီခန်းမ၌ ပြတိုက်ဖွင့်ပွဲ အခမ်းအနားနှင့် လူထုတွေ့ဆုံပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌက ရိုးရာပလိုင်းဖြင့် ဂါဝရ ပြုလက်ဆောင်ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီး ရဝမ်တိုင်းရင်းသား ရှေးယခင် ဘိုးဘွားများ လက်ဆင့်ကမ်းထိန်းသိမ်းလာသည့် ဓလေ့ထုံးတမ်းအစဉ်အလာများ၊ ဝတ်စားဆင်ယင် မှုများ၊ အသုံးအဆောင်ပစ္စည်းများ၊ ကျွမ်းကျင်ခဲ့သည့် အတတ်ပညာများကို ကျွန်တော်တို့ ဆက်လက် လက်ဆင့်ကမ်း ထိန်းသိမ်းခွင့် ရရှိခဲ့ခြင်းအတွက် ဝမ်းမြောက်ဝမ်းသာဂုဏ်ယူပါကြောင်း၊ နောင်လာ နောင်သားများကလည်း မွန်မြတ်သည့် အလုပ်တစ်ခုဖြစ်သည့်အတွက် ဆက်လက် လက်ဆင့်ကမ်း ထိန်းသိမ်းရေးကို အလေးထားလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ တစ်ဆက်တည်းမှာပဲ ပူတာအိုဒေသ တွင် သဘာဝပတ်ဝန်းကျင်အလှအပများကို အခြေပြုပြီး ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်လာ စေရေး ခေါင်လန်ဖူး၊ ရှိန်းခေါင်ဒေသ၊ နောင်မွန်-ပန်နန်းဒင်ဒေသ၊ ဖုန်ကန်ရာဇီရေခဲတောင်ဒေသ များနှင့် ပူတာအိုလွင်ပြင်ပတ်လမ်းများကို လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာစေရန် လမ်းများ ဖောက်လုပ်ပေးနေပါကြောင်း၊ အလားတူ ပူတာအိုဒေသတွင်း ဝမ်းစာဖူလုံရေးအတွက် စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး နိုင်ငံတော်နှင့် မိမိတို့ပြည်နယ်အစိုးရအဖွဲ့တို့က ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားညီနောင်များအနေဖြင့် မိမိတို့ဒေသ ဘက်စုံဖွံ့ဖြိုး တိုးတက်လာစေရေး ကျရာအခန်းကဏ္ဍမှ တက်ကြွစွာ ဝိုင်းဝန်းပူးပေါင်းပါဝင် စေလိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ‌ပြည်နယ်ဝန်ကြီးချုပ်က ရဝမ်ယဉ်ကျေးမှုပြတိုက်အဆောက်အဦအား မြန်မာနိုင်ငံ ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌထံ လွှဲပြောင်းပေးအပ်ပြီး ဒေသခံတိုင်းရင်းသားမျိုးနွယ်စု ခေါင်းဆောင်များက ဒေသဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များနှင့် ပတ်သက်၍ တင်ပြဆွေးနွေး ကြရာ သက်ဆိုင်ရာဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဒေသခံတိုင်းရင်းသား ခေါင်းဆောင်များ၊ လူငယ်မောင်မယ်များနှင့် အတူ ရဝမ်ရိုးရာမနောတိုင်ကွင်းအတွင်း ပြတိုက်ဖွင့်ပွဲအခမ်းအနား ပိတ်သိမ်းသည့်အနေဖြင့် ရိုးရာအဇီးလမ်အကကို စုပေါင်းဆင်နွှဲခဲ့ကြသည်။

အဆိုပါ ပူတာအိုမြို့ရှိ ရဝမ်ယဉ်ကျေးမှုပြတိုက် မူလအဆောက်အဦသည် ဟောင်းနွမ်းပျက်စီး နေသည့်အတွက် ပြတိုက်အတွင်းရှိ ယဉ်ကျေးမှုအမွေအနှစ်များ ထိခိုက်ပျက်စီးသွားနိုင်သောကြောင့် မြန်မာနိုင်ငံရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်း၏ အဆင့်ဆင့်တင်ပြလာသဖြင့် (၁၀၀)ပေ၊ (၅၀)ပေရှိ Steel Structure အဆောက်အဦသစ် ဆောက်လုပ်နိုင်ရေး နိုင်ငံတော်အဆင့်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်တွင် ရန်ပုံငွေကျပ် (၃၉၇.၂၄၇)သန်းခွင့်ပြုပေးခြင်းဖြစ်ပြီး ရဝမ်ယဉ်ကျေးမှုပြတိုက်အသစ် အတွင်း ရိုးရာပစ္စည်းစုံလင်းခမ်းနားစွာ ခင်းကျင်းပြသနိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့က မတည်ရန်ပုံငွေကျပ် (၃၀)သန်း ထပ်မံခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

အလားတူ ညနေပိုင်းတွင် Snow Land Hotel ၌ ရဝမ်ယဉ်ကျေးမှုပြတိုက်ဖွင့်ပွဲ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို ကျင်းပပြုလုပ်ခဲ့ကြပြီး တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၏ အကအလှများ ဖြင့် ဖျော်ခြေတင်ဆက်မှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 ပြည်နယ်ပြန်/ဆက်