သီပေါမြို့နယ်တွင် တစ်ခုတည်းသောကမ္ဘာမြေ (Only One Earth) အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်

သီပေါ မေ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၉ နာရီ က တစ်ခုတည်းသောကမ္ဘာမြေ (Only One Earth) ခေါင်းစဉ်ဖြင့်  အသိပညာပေးဆွေးနွေးပွဲ(Talk Show) ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နီလာစိုးက အသိပညာပေးဆွေးနွေးပွဲ(Talk Show)ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စာအုပ်များရေးသားထုတ်ဝေသော စာရေးဆရာ ဇာဏီဟိန်း(သီပေါ)က တစ်ခုတည်းသောကမ္ဘာမြေ (Only One Earth) ခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးရာတွင် လူသားများအသက်ရှင်ရပ်တည်နိုင်ရန်အတွက် ကမ္ဘာမြေကြီးသည် မရှိမဖြစ်လိုအပ်ပါကြောင်း၊ လူ့ပတ်ဝန်းကျင်ဆိုသည်မှာ အသက်ရှင်ရပ်တည်ရန် အတွက်ရှူရှိုက်ရန်လေ၊ သောက်သုံးရန်နှင့်စိုက်ပျိုးရန် ရေတို့ကို သန့်စင်စွာရရှိရေး၊ လူတို့မှီဝဲစားသုံးရန်ရိက္ခာရရှိရေး သစ်ပင်ပန်းမန် စိမ်းလန်းစိုပြေရေး၊ မြေပေါ်မြေအောက် သယံဇာတများမပြုန်းတီးရေးနှင့် စွမ်းအင်သယံဇာတများစဉ်ဆက်မပြတ်ရေးတို့အထိ ယင်းဂေဟစနစ် (Ecosystem) တို့သည် တစ်ခုနှင့်တစ်ခု ဆက်စပ်အမှီသဟဲပြု ကွင်းဆက်ချိတ်ဆက်လျက်ရှိပါကြောင်း ၊ ကမ္ဘာကြီးတွင် လူနှင့်သက်ရှိသက်မဲ့ ပတ်ဝန်းကျင်တို့နှင့်အတူရှင်သန်ပွားများ၍ တစ်ခုတည်းသော ကမ္ဘာမြေကြီး  အစဉ်သာယာလှပအောင် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း စသည်ဖြင့် အသိပညာပေး ဆွေးနွေးခဲ့သည်။

သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအသိပညာဗဟုသုတ ရရှိစေရန်၊   သက်ဆိုင်ရာကဏ္ဍများအလိုက်   အသိပညာပေးဆွေးနွေးပွဲ (Talk Show) များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါ အသိပညာပေးဆွေးနွေးပွဲ (Talk Show)များကို သီပေါမြို့နယ်ရုံးမှ ဖွင့်လှစ်ထားသော We Love Hsipaw Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)