ဗုဒ္ဓဘာသာ အဆင့်မြင့်ယဉ်ကျေးမှု သင်တန်းဖွင့်ပွဲကျင်းပ

ဗဟန်း မေ ၁၇

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးဖွင့်လှစ်သင်ကြားသော ဗုဒ္ဓဘာသာအဆင့်မြင့် ယဉ်ကျေးမှု သင်တန်းဖွင့်ပွဲကို ယမန်နေ့နေ့လယ် ၁ နာရီက ရွှေတိဂုံဘုရားအနောက်ဘက်မုခ်၊ အောက်ပစ္စယာ ရာဟုတောင့်ရှိ ဗုဒ္ဓဝင်ပြခန်း၊ ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင်များ၊ သင်တန်းနည်းပြဆရာကြီးများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားကို “နမော တဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်းဂေါပက အဖွဲ့အလှည့်ကျ သဘာပတိဦးတင်ဝက သင်တန်းဖွင့် အမှာစကားပြောကြားရာတွင် ယမန်နေ့ဖွင့်လှစ် သင်ကြားသည့် သင်တန်း၏ရည်ရွယ်ချက်သည် ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ရုံး ဝန်ထမ်းများ ဗုဒ္ဓဝေယျာဝစ္စ ဆောင်ရွက်ရာတွင်လည်းကောင်း၊ ဘုရားဖူးများကို ဝန်ဆောင်မှုပေးရာတွင်လည်းကောင်း ၊မြန်မာ့ယဉ်ကျေးမှုနဲ့ ကိုက်ညီပြီး အဆင့်အတန်းမြင့်မားစေရန်ဖြစ်ပါကြောင်း၊ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုဟာ ထိုလူမျိုးရဲ့ အဆင့်အတန်းကို ဖော်ပြပါကြောင်း၊ မြန်မာနိုင်ငံဟာ ယဉ်ကျေးတဲ့နိုင်ငံ၊ မြန်မာလူမျိုးဟာယဉ်ကျေးတဲ့ လူမျိုးဖြစ်ပါ‌ကြောင်း၊ ဒီအစဉ်အလာကို ဆက်လက် ထိန်းသိမ်းဖို့ လိုအပ်ပါကြောင်း၊ ဒါ့ကြောင့် ယခုဖွင့်လှစ်တဲ့ သင်တန်းဟာ အလွန်အရေးကြီးပါကြောင်း၊ တန်ဖိုးလည်းအလွန်ကြီးမားပါကြောင်း၊ မြန်မာ့ယဉ်ကျေးမှုဟာ မြတ်ဗုဒ္ဓရဲ့ တရားဒေသနာတော်များကို အခြေခံထားပါ‌ကြောင်း ဒါ့ကြောင့်သင်တန်း ပြီးမြောက်တဲ့အခါမှာ သင်တန်းသား၊ သင်တန်းသူများဟာ မြတ်ဗုဒ္ဓရဲ့အဆုံးအမနှင့်ကိုက်ညီတဲ့ မြန်မာ့ယဉ်ကျေးမှု အလေ့အကျင့်ကောင်းများကို အဆင့်အတန်း မြင့်မားစွာ သိရှိနားလည်လာမယ်လို့ ယုံကြည်ပါကြောင်း၊ ရွှေတိဂုံစေတီတော်ဂေါပက ရုံးဝန်ထမ်းများဖြစ်ကြတဲ့ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ယခုသင်တန်းမှလေ့လာသင်ယူရရှိတဲ့ ယဉ်ကျေးမှု အလေ့အကျင့်ကောင်းများကို လိုက်နာပြီး စေတီတော်ကြီးရဲ့ ဝေယျာဝစ္စများ ဆောင်ရွက်ခြင်း၊ ဘုရားဖူးရဟန်းရှင်လူ အများပြည်သူကို ဝန်ဆောင်မှုပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူ ဝန်ထမ်းများသည် တာဝန်ချိန်အတွင်းမှာ သင်တန်းတက်ရောက်ကြတဲ့အတွက် အလွန်အရေးကြီးတဲ့ တာဝန်တစ်ရပ်ကိုထမ်းဆောင်ရတယ်လို့ စိတ်သဘောထားပြီး သင်တန်းဆရာများရဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ သင်ကြားပို့ချမှုကို လေးလေးနက်နက် မှတ်သားနာယူကြဖို့ တိုက်တွန်းပါကြောင်း၊ မိမိတို့ကိုယ်ပိုင်အချိန်မှ ထုတ်နုတ်ပြီး စေတနာအရင်းခံနဲ့ သင်ကြားပို့ချပေးကြပြီး ဆရာများကိုလည်း ဂေါပကအဖွဲ့ကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း၊ ယနေ့ဖွင့်လှစ်တဲ့ အဆင့်မြင့်ယဉ်ကျေးမှု သင်တန်းမှတစ်ဆင့် ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ရဲ့ အဆင့်မြင့်ယဉ်ကျေးမှု ကျင့်ဝတ် ကောင်းများသည် မြန်မာနိုင်ငံ တဝှမ်း ပြန့်နှံ့ပြန့်ပွားစေမှာဖြစ်ပါကြောင်းတို့ကို ပြောကြားသည်။

ဆက်လက်၍ ဆုထူးပန်အဘိဓမ္မာပြန့်ပွားရေးအသင်း ဥက္ကဋ္ဌ ဦးဌေးလွင်က သင်တန်းနှင့်ပတ်သက်၍ သိမှတ်စရာများကိုလည်းကောင်း၊ သင်တန်းနည်းပြဆရာကြီး ဦးဟန်(မဟာသဒ္ဓမ္မဇောတိကဓဇ)က သင်တန်းဖွင့်လှစ် သင်ကြားရခြင်းနှင့် ပတ်သက်၍လည်းကောင်း အသီးသီး မုဒိတာစကားများ ပြောကြားကြသည်။

ထိုနောက်အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ရုံးမှ ဝန်ထမ်း၊သင်တန်းသား၊ သင်တန်းသူ(၃၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ယနေ့မှစတင်၍ မေ(၂၇)ရက်နေ့အထိ နှစ်ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။

အောင်မြင့်