သီပေါမြို့နယ်တွင် တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်များ စတင်ထုတ်ချေးပေး

သီပေါ မေ ၁၆

ရှမ်းပြည်နယ် ( မြောက်ပိုင်း )၊ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ   ယနေ့နံနက်(၁၀)နာရီက မြို့နယ်အတွင်းရှိ တောင်သူများအား  ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်များ စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

သီပေါမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ယနေ့နံနက်ပိုင်းတွင် ပန်စောက်မိန်း ကျေးရွာအုပ်စု မှ တောင်သူ(၁၃)ဦးအား စပါး(၁၉)ဧက၊ ပြောင်း(၃၉)ဧက စိုက်ပျိုးရန်အတွက် မိုးရာသီချေးငွေကျပ် (၆၇.၅)သိန်းကိုလည်းကောင်း၊ ကွန်ခိုက်ကျေးရွာအုပ်စုမှ တောင်သူ(၁၅)ဦးအား ပြောင်း(၁၂၁)ဧက စိုက်ပျိုးရန်အတွက် ငွေကျပ်(၁၂၁)သိန်းကိုလည်းကောင်း၊ ပန်းဆန်းကျေးရွာအုပ်စုမှ တောင်သူ (၁၁)ဦး အား စပါး(၂၀)ဧက နှင့် ပြောင်း(၆၆)ဧကစိုက်ပျိုးရန်အတွက် ငွေကျပ်(၉၆)သိန်းကို လည်းကောင်း၊ စုစုပေါင်းငွေကျပ်(၂၈၄.၅)သိန်းကို ထုတ်ချေးပေးနိုင်ခဲ့ကြောင်းနှင့် ကျန်ရှိနေသော ကျေးရွာအုပ်စုများမှ တောင်သူများအား နေ့ရက်အလိုက် ဆက်လက်ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ထုတ်ချေးပေးရာတွင် စပါးစိုက်ခင်းတစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်းနှင့် ပြောင်းတစ်ဧက လျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်နှင့်၂၀၂၁ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများ အကျေပေးသွင်းပြီးသည့် တောင်သူများအား ဦးစားပေး ထုတ်ချေးပေးသွား မည်ဖြစ်ကြောင်းနှင့် ၂၀၂၂ ခုနှစ်မိုးသီးနှံချေးငွေများကို စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာထံမှ သိရသည်။

ခင်လေး(မြို့နယ် ပြန်/ဆက်)