မော်လမြိုင် မေ ၁၆
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော ကျန်းမာရေးမှူး-၄ (ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်း တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်းက အဖွင့်အမှာ စကားပြောကြာရာတွင် ကျန်းမာရေး၀န်ကြီးဌာနသည် နိုင်ငံတော်၏ အမျိုးသားကျန်းမာရေး မူဝါဒများကို အကောင်အထည်ဖော်ရာတွင် အမျိုးသားကျန်းမာရေး စီမံကိန်းကို ရေးဆွဲ၍ ပြည်သူလူထု၏ ကျန်းမာရေးအတွက် ကျန်းမာရေးအဆင့် မြှင့်တင်ရေး ကြိုတင်ကာကွယ်ရေး၊ ရောဂါကုသရေး နှင့် ကျန်းမာမှု ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိပါကြောင်း၊ ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ နိုင်ငံတကာ ကွန်ဖရင့်တွင် ကမ္ဘာ့ လူသားအားလုံး၏ ကျန်းမာရေး အဆင့်မြှင့်တင်ရေးကို ရှေးရှု၍ “အားလုံးကျန်းမာ သက္ကရာဇ် ၂၀၀၀ မှာ”ဟူသော ရည်မှန်းချက်ကို ချမှတ်ခဲ့ပြီး ပဏာမ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းစဉ်များကို အခြေခံ၍ အကောင်အထည်ဖော်ရာတွင် (၁၉၇၇) ခုနှစ်မှစတင်၍ မြန်မာနိုင်ငံတွင် ပြည်သူ့ကျန်းမာရေး စီမံကိန်းကို အကောင်အထည်ဖော်ခဲ့ရာ ပဏာမ ကျန်းမာရေး စောင့်ရှောက်မှုကို လူတိုင်းလက်လမ်းမှီ ရရှိစေရန် ရည်ရွယ်ပါကြောင်း၊ နိုင်ငံအတွင်းရှိ လူတိုင်းလူတိုင်း လက်လှမ်းမှီရရှိစေမည့် ကျန်းမာရေး စောင့်ရှောက်မှု လွှမ်းခြုံနိုင်ရန်၊ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ ကျေးလက်ကျန်းမာ ရေးဌာန/ဌာနခွဲများတွင် တာ၀န်ထမ်းဆောင်သူများအနေဖြင့် ပြည်သူများနဲ့ အမြဲထိတွေ့ပြီး လုပ်ငန်းဆောင်ရွက်ကြမယ့် ကျန်းမာရေး ကြီးကြပ်-၂ များရဲ့ အခန်းကဏ္ဌာဟာ အလွန်အရေးကြီးပါကြောင်း၊ ပြည်သူတွေရဲ့ ကျန်းမာရေးအဆင့်အတန်း ပိုမိုမြင့်မား တိုးတက်စေဖို့အတွက် နည်စးနစ်တွေလုပ်နည်းလုပ်ဟန်တွေကို ပြည်သူလူထုရဲ့ လိုအပ်ချက် နဲ့အညီ ဆက်လက်ဆောင်ရွက် သွားရမှာဖြစ်တယ်၊ ကျန်းမာရေး ကြီးကြပ်-၂ များဟာ မိမိတာ၀န်ကျ ဒေသရှိ ပြည်သူများလိုအပ်သည့် အခြေခံကျန်းမာရေး စောင့်ရှောက်မှုများကို အခြားကျန်းမာရေး ၀န်ထမ်းများနှင့်အတူ ညှိနှိုင်းပူးပေါင်းလျက် ကျန်းမာရေးစောင့်ရှောက်မှု များကို အောင်မြင်အဆင်ပြေစွာ ဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြားခဲ့ပါ သည်။
ဆက်လက်ပြီး ကျန်းမာရေးကြီးကြပ်-၂ သင်တန်းဆင်း အောင်လက်မှတ်များနှင့် ဆုရရှိသူများအား ဆုများ ပေးအပ်ခဲ့ပြီး ကျန်းမာရေးကြီးကြပ်-၂ သင်တန်းသား၊ သင်တန်းသူများက ကျန်းမာရေးနှင့်အာဟာရ ပြဇတ်အား သရုပ်ဖော်ပြသခဲ့ကာ သင်တန်းသား တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး နှုတ်ဆက်သီချင်း သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရှိရပါသည်။
ခင်စန်းမြင့်ခရိုင်ပြန်/ဆက်