ကျိုင်းတုံ မေ ၁၆
ရှမ်းပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် ရှမ်းပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ ခရီးသွားလုပ်ငန်း ဖော်ဆောင်ခြင်းဆိုင်ရာ ဟိုတယ်၊ တည်းခိုရိပ်သာ၊ ဧည့်လမ်းညွှန်နှင့် စားသောက်ဆိုင်များ အတွက် အခြေခံဝန်ဆောင်မှုသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက ကျိုင်းတုံမြို့၊ အမှတ်(၅)ရပ်ကွက်၊ ကျိုင်းတုံဟိုတယ်သစ်၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က ရှမ်းပြည်နယ်သည် ခရီးသွားလုပ်ငန်း အရင်းအမြစ်များကြွယ်ဝသော နေရာဒေသဖြစ်သည့်အတွက် အားလုံးပါဝင်သော ခရီးသွားလုပ်ငန်းဖြစ်စေရန် မသန်စွမ်းသူများအတွက် အခြေခံဝန်ဆောင်မှုဆိုင်ရာသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာသည်နှင့်အမျှ ဒေသခံများရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေမှာဖြစ်ပါကြောင်း ပြောကြားသည်။
အဆိုပါအခြေခံဝန်ဆောင်မှုဆိုင်ရာသင်တန်းသို့ ကျိုင်းတုံမြို့နယ်အတွင်း ဧည့်လမ်းညွှန်များနှင့် ဟိုတယ်၊ တည်းခိုခန်း၊ စားသောက်ဆိုင်အသီးသီးမှ သင်တန်းသား၊ သင်တန်းသူ ၇၀ ဦး တက်ရောက်ပြီး မေလ ၁၆ ရက်မှ ၁၇ ရက်ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)