မောက်မယ်မြို့နယ်၌ (၄၀)ကြိမ်မြောက် ပရိယတ္တိပါဒကစာပြန်ပွဲတော်ကျင်းပ

မောက်မယ် မေ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်လုံးဆိုင်ရာ သံဃာ့နာယကမှ ဦးစီးကျင်းပသည့် (၄၀) ကြိမ်မြောက်ပရိယတ္တိပါဒက စာပြန်ပွဲတော်ကို ကျောင်းကြီးစာသင်တိုက်၌ ယနေ့ နေ့လယ် ၁၂ နာရီတွင် စတင်ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ကြွရောက်တော်မူကြသောဆရာတော် သံဃာတော်များနှင့်ဒကာများအားလုံးတို့က နမောတဿ (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး  ဘဒ္ဒန္တဓမ္မသီရိ ထီဟန်းခွီးကျောင်းဆရာတော်ထံ ငါးပါးသီလခံယူကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်က သံဃာတော်အရှင်မြတ်တို့အား ဆွမ်းအစရှိသောဒါတဗ္ဗဝတ္ထုပစ္စည်း ဆက်ကပ်လှူဒါန်းမည့်အကြောင်း လျှောက်ထားတင်ပြသည်။   

ဆက်လက်ပြီး (၄၀)ကြိမ်မြောက် ပရိယတ္တိပါဒကစာပြန်ပွဲတော်ကို ကျောင်းကြီးစာသင်တိုက်နှင့် ဟိုနမ့်ဒေသရှိ ဘုန်းကြီးစာသင်ကျောင်းများတို့မှ ရှင်သာမဏေများက ဝင်ရောက်ဖြေဆိုကြသည်။  ပရိယတ္တိပါဒကစာပြန်ပွဲတော်  မူလတန်းရှင်ကျင့်ဝတ်ဘာသာတွင် ဝင်ရောက် ဖြေဆိုရန် (၄၃) ပါး၊  ပထမတန်း ဝိနိယဘာသာတွင်    ဝင်ရောက် ဖြေဆိုရန် (၁၄)ပါး၊ ဒုတိယဝိနိယဘာသာတွင်ဝင်ရောက်ဖြေဆိုရန် (၁၀)ပါး၊ စုစုပေါင်း(၆၇)ပါး        ကြွရောက်ဖြေဆိုပြီး အာဂုံဆောင်နုတ်ဖြေစာမေးပွဲကို(၃၅၀)ပါးဝင်ရောက် ဖြေဆိုကာ (၄၀) ကြိမ်မြောက်         ပရိယတ္တိပါဒကစာပြန်ပွဲတော်ကို မေလ ၁၆ ရက်နေ့မှ မေလ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)