ရပ်စောက်မြို့၌ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပ

ရပ်စောက် မေ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဇော်ဂျီရပ်ကွက်အတွင်းရှိ  မြို့နယ်မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ဗိုလ်လုပွဲသို့ တက်ရောက်ကြသည့် တောင်ကွက်သစ်ရပ်ကွက်အသင်းနှင့် မြောက်ကွက်သစ်ရပ်ကွက် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တောင်ကွက်သစ်ရပ်ကွက် အသင်းက အနိုင်ရရှိခဲ့သည်။ ထို့နောက် ဆုများပေးအပ်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်းက အမှာစကား ပြောကြားပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုများရရှိကြသည့် ပြိုင်ပွဲဝင်အသင်းများနှင့် ပွဲစဉ်တစ်လျှောက်အကောင်းဆုံးကစားသမားဆု၊ နောက်ထိန်းအကောင်းဆုံးကစားသမားဆု၊ ပင့်ထောင်အကောင်းဆုံး ကစားသမားဆုနှင့် ရိုက်ခုတ်အကောင်းဆုံး ကစားသမားဆုရရှိကြသည့် ကစားသမားများအား မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲကို မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ ပြိုင်ပွဲဝင်အသင်း (၉)သင်းဝင်ရောက်ယှဉ်ပြိုင်ကြပြီး ယခုပြိုင်ပွဲများတွင် ထူးချွန်သူများအား စီစစ်ရွေးချယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ် ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ၌ ရပ်စောက်မြို့နယ် ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မှသိရသည်။

ရဲထက်ဦး(ပြန်/ဆက်)