ကချင်ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ နွားနှင့်ဝက် မေထုန်မဲ့သားစပ်ခြင်း၊ တိရစ္ဆာန် အပင်စိုက်ပျိုးခြင်း၊ တိရစ္ဆာန်အစာချဉ်ဖတ်ပြုလုပ်ခြင်းနှင့် ဇီဝမြေသြဇာပြုလုပ်နည်း သင်တန်း ဖွင့်လှစ်ပို့ချ

မြစ်ကြီးနား မေ ၁၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကချင်ပြည်နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွားနှင့် ဝက်မေထုန်မဲ့သားစပ်ခြင်း၊ တိရစ္ဆာန်အပင်စိုက်ပျိုးခြင်း၊ တိရစ္ဆာန်အစာချဉ်ဖတ် ပြုလုပ်ခြင်းနှင့် ဇီဝမြေသြဇာပြုလုပ်နည်း သင်တန်းဖွင့်ပွဲအား ယနေ့ နံနက်ပိုင်းက အဆိုပါရုံးရှိ သင်တန်းခန်းမတွင် ပြုလုပ်သည်။

ရှေးဦးစွာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ‌ဒေါက်တာ အက်(စ်)ယိန်းခေါမှ အမှာ စကားပြောကြားရာတွင် “သင်တန်းတက်‌‌ရောက်သူများအနေဖြင့် သင်တန်းမှ သင်ကြားသည်များ အား ကောင်းစွာသင်ယူပြီး မိမိလုပ်ငန်းခွင်အတွင်း အကျိုးရှိအောင် လက်တွေ့အသုံးချပြီး အသား၊ နို့၊ ဥ စသည်တို့ကို အထွက်တိုးစေရန်နှင့် မျိုးကောင်း၊ မျိုးသန့်များရရှိအောင် ဆောင်ရွက်ကြစေလို ကြောင်း” ‌ပြောကြားသည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးမှ ဒုတိယတိုင်းဦးစီးမှူး ဒေါက်တာ မင်းညွှန့်ဦးမှ သင်တန်းသား/သူများအား လမ်းညွှန်အမှာစကား ပြောကြားပြီး မြို့နယ်ဦးစီးမှူး ‌ဒေါက်တာ ‌အေးမင်းဇော်မှ သင်တန်းတွင် သင်ကြားမည့်အကြောင်းအရာများ၊ သင်တန်းအချိန်ဇယား နှင့် စည်းမျဉ်းစည်းကမ်းများကို ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းတွင် ‌ဒေသအတွင်း မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေ‌‌‌ရေးအတွက် ဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ဒေသခံ(၁၂)ဦးအား နွားနှင့်ဝက် မေထုန်မဲ့သားစပ်ခြင်း ဆိုင်ရာ နည်းလမ်းများ၊ မေထုန်မဲ့သားစပ်ခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးများ၊ မျိုးပွားမှုဆိုင်ရာ ရောဂါများ၊ မျိုးပွားအင်္ဂါခန္ဓာဗေဒ၊ မြိုင်သံသရာနှင့် မြိုင်စစ်ဆေးခြင်း၊ မျိုးရည်ထုတ်ယူခြင်းနှင့် ပွားများခြင်း၊ ဇီးစမ်းသပ်ခြင်း၊ တိရစ္ဆာန်အစာချဉ်ဖတ် ပြုလုပ်ခြင်းစနစ်များ၊ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းနှင့် မျိုးများအကြောင်းအား မွေးမြူ‌ရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွမ်းကျင်နည်းပြဆရာများက စာတွေ့၊ လက်တွေ့ (၁ဝ) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်မွေးမြူ‌ရေးနှင့်ကုသရေး ဦးစီးဌာနမှ သိရသည်။

ပြည်နယ်ပြန်/ဆက်