စဉ့်ကိုင် မေ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ပူးပေါင်း၍ ရှေးဦးပြုစုခြင်းအခြေခံသင်တန်း (၃/၂၀၂၂)ကို မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် (၁၀)နာရီကကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ကျောက်ဆည်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါ်သင်းပျံ့ကြူက ရှေးဦးပြုစုခြင်းအခြေခံသင်တန်းတက်ရောက် ခြင်းဖြင့် မိမိပတ်၀န်းကျင်၊ မိသားစုနှင့်မိမိကိုယ်တိုင်ပြုစုစောင့်ရှောက်နိုင်ခြင်းကြောင့် များစွာအကျိုးရှိကြောင်း အမှာစကားပြေကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးညီညီက သင်တန်းသား၊သင်တန်းသူများအနေဖြင့် တက်ညီ၊ လက်ညီ စိတ်ပါ၀င်စားစွာမှတ်သားပြီး လက်တွေ့အသုံးချတတ်ကြစေရန် ဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ ကျောက်ဆည်ခရိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှတပ်ဖွဲ့မှူး ဒေါ်နွဲ့နွဲ့ထွေးက ရှေးဦးပြုစုခြင်းသဘောတရားနှင့် သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးသင်တန်းတွင် ကြက်ခြေနီလှုပ်ရှားမှုနှင့် အခြေခံမူများ၊ ရှေးဦးပြုစုခြင်းသဘော တရား၊ ခန္ဓာကိုယ်တည်ဆောက်ပုံနှင့် လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း၊ ဒဏ်ရာနှင့်သွေးယိုစီးခြင်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ အဆိပ်မိခြင်း၊ သတ္တဝါများ ကိုက်ခြင်း၊ တုပ်ခြင်း၊အဆစ်လွဲခြင်း၊ ကြွက်သားနှင့်အရိုးဆက်ကြောဒဏ်ရာ၊ ကိုင်တွယ်ခြင်း၊ သယ်ယူခြင်း၊ အခြေခံအသက်ကယ်အထောက်အကူပြုနည်း စသည့်ဘာသာရပ်များကိုပို့ချသွားမည်ဖြစ်ကြောင်း၊ သင်တန်းကာလမှာ မေလ(၁၆)ရက်နေ့မှ(၁၈)ရက်နေ့အထိ (အခမဲ့) စနစ်တကျ သင်ကြားဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှတပ်ဖွဲ့မှူး ဒေါ်နီနီထံကသိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)