မိုင်းဖြတ်မြို့နယ်၊ ဆိုင်ဆတ်​ကျေးရွာ၌ ကျေးရွာစာကြည့်တိုက်များရှင်သန်ခိုင်မာရေးအသိပညာပေး ဟောပြောပွဲပြုလုပ်

မိုင်းဖြတ် မေ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ဆိုင်ဆတ်ကျေးရွာရှိ မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးမာက အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ နိုင်ငံတော်မတည်ငွေဖြင့် ဖွင့်လှစ်ထားသည့် ကျေးရွာစာကြည့်တိုက် ရှင်သန်ခိုင်မာစေရေး အတွက်ကျေးရွာနေပြည်သူများက ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊  ကျေးရွာနေပြည်သူများ အနေဖြင့် စာဖတ်ခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာကြည့်တိုက်လက်ထောင်-၃ ဒေါ်နန်းကောင်ခမ်းက ကျေးရွာစာကြည့်တိုက်သို့ လိုအပ်သည့် စာအုပ်/စာစောင်များ ဖြည့်တင်းပေးနိုင်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသူများက မိုင်းဖြတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသသည့် မူးယစ်ဆေးဝါး အန္တရာယ်အကြောင်းသိကောင်းစရာများ၊ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို လေ့လာဖတ်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မိုင်ဖြတ်မြို့နယ်တွင် နိုင်ငံတော်မတည်ငွေဖြင့် ဖွင့်လှစ်ထားသည့် ကျေးရွာစာကြည့်တိုက် (၆)တိုက်ရှိရာ ဆိုင်း​လေ​ကျေးရွာ၌ စာပန်း​ဝေ​ဝေစာကြည့်တိုက်၊ ကချင်စံပြကျေးရွာ၌ ကျေးဇူးကမ္ဘာစာကြည့်တိုက်၊ ဆိုင်ဆတ်ကျေးရွာ၌ မြတ်ကြေးမုံစာကြည့်တိုက်၊ ပါဆန်းကျေးရွာ၌  ပညာအလင်းစာကြည့်တိုက်၊ ဆိုက်ခေါင်ကျေးရွာ၌ ငွေသောင်ယံစာကြည့်တိုက်၊ ဆွပ်ပန်းကျေးရွာ၌ ပန်းနုဝေစာကြည့်တိုက်တို့ဖြစ်ကြောင်း သိရသည်။

သန်းထွန်း​အေး