ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုဒေသ စားနပ်ရိက္ခာဖူလုံရေး စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ပူတာအို မေ ၁၆

ပူတာအိုခရိုင်အတွင်း ဒေသခံတိုင်းရင်းသားများ၏ စားနပ်ရိက္ခာဖူလုံစေရေး စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မေ ၁၅ ရက်တွင် ပူတာအိုမြို့သို့ ရောက်ရှိပြီး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပူတာအိုမြို့နယ်၊ ဂျိန်ရန်ခန်ကျေးရွာရှိ ဦးအောင်လွင်ဦး၏ ဆွတ်အောင် ကြက်မွေးမြူရေးခြံအတွင်း အသားစားကြက် မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေနှင့် မွေးမြူရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ မေးမြန်းဆွေးနွေးကြကာ လိုအပ်သည်များကို ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ပြီး မွေးမြူရေးအထောက်အကူပြု ဆေးဝါးများ၊ ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပူတာအိုမြို့နယ်အတွင်း ကျေးရွာပေါင်း ၂၈ ရွာအတွက် ကျေးလက်နေပြည်သူများ ရာသီမရွေး သွားလာနိုင်ရေး၊ လယ်ယာထုတ်ကုန်ပစ္စည်းများ ဈေးကွက်သို့ အချိန်မီတင်ပို့နိုင်ရေး၊ ဒေသတွင်း လူမှုအခြေပြု ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ပူတာအိုလွင်ပြင်ပတ်လမ်း (ပူတာအို-လယ်မယ်ဝါဂျီ-နမ်ရှယ် ကော့-မန်စေခွန်- မန်စေလမ်း) လမ်းအရှည် ၂၅ မိုင် စီမံကိန်းဧရိယာအတွင်း ပမ္မတီးကျေးရွာ၌ လမ်း၊ တံတားများ ဆောက်လုပ်ပြီးစီးမှု အခြေအနေများ၊ ဘဏ္ဍာနှစ်အလိုက် လျာထားသတ်မှတ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုကို မေးမြန်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လွင်ပြင်ပတ်လမ်းသည် ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးအတွက် ဒေသထွက်ကုန်များ လွယ်ကူမြန်ဆန်စွာ တင်ပို့နိုင်ရေးနှင့် ကျေးလက်လူမှုစီးပွားဘဝ ဖွံဖြိုးလာစေရေးအတွက် စီမံဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် အမြန်ဆုံးဆောင်ရွက်ပြီးစီးရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် လေယာဉ်ကွင်းရပ်ကွက်အတွင်း သစ်တောဦစီးဌာနပိုင် ပျိုးခြံသို့သွားရောက်ပြီး မိုးရာသီအကြိုနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးတွင် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ တောင်သူများထံ ဖြန့်ဝေပေးနိုင်‌ရေး သစ်ပင်များ ပျိုးထောင်ထားရှိမှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ သစ်တောဝန်ထမ်းများအတွက် ‌ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် ဒုတ္ထန်ရပ်ကွက်အတွင်း ပူတာအို-ဆွမ်ပရာဘွမ်- မြစ်ကြီးနား ပြည်ထောင်စု လမ်းမကြီးအတွင်း ပူတာအိုမြို့တွင်းလမ်းပိုင်း လုပ်ငန်းဆောင်ရွက်ပြီးစီးနေမှု အခြေအနေနှင့် ဆောင်ရွက်ဆဲ လုပ်ငန်းအခြေအနေများကို တာဝန်ရှိသူများ၏ တင်ပြချက်အပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဘဏ္ဍာနှစ်အလိုက် တည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေး လိုအပ်သည့် ယာဉ်၊ ယန္တရားစက်ပစ္စည်းများ ကြိုတင်စုဆောင်းထားရှိရေး၊ လိုအပ်ချက်များ ဖြစ်ပေါ်လာပါက အချိန်နှောင့်နှေး ကြန့်ကြာမှုများ မဖြစ်ပေါ်စေရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်၊

ထို့နောက် ပန်းလှိုင်ရပ်ကွက်အတွင်းရှိ ခန္တီးရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီရုံး၌ ဒေသခံတောင်သူများ၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများနှင့် ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရေး မိရိုးဖလာစိုက်ပျိုးနည်းစနစ်အပြင် သိပ္ပံနည်းကျ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ အထွက်တိုး မျိုးကောင်းမျိုးသန့် စပါးမျိုးစေ့များ ဖြန့်ဝေပေးသွားမည့် အစီအမံများနှင့် နည်းစနစ်ကျ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများနှင့် ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေး နည်းစနစ်ကျ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ လယ်ယာမြေဖော်ထုတ်နိုင်ရေး၊ စိုက်ပျိုးရေးလုံ လောက်မှုရှိစေရေး၊ စနစ်တကျ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧည့်ရိပ်သာ ဧည့်ခန်းမဆောင်၌ ပူတာအိုခရိုင်၊ ပူတာအိုဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူတာအိုလွင်ပြင်ဒေသ စိုက်ပျိုးမွေးမြူရေး ဖွံ့ဖြိုးတိုးတက်လာစေရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ကွင်းဆင်းသုသေသနပြု စီမံကိန်းရေးဆွဲရေးအဖွဲ့နှင့် တွေ့ဆုံပြီး ပူတာအိုဒေသ စားနပ်ရိက္ခာဖူလုံရေးအတွက် ပူတာအိုလွင်ပြင်ဒေသအတွင်း လက်ရှိစိုက်ပျိုးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ လိုအပ်ချက်များ၊ တောင်သူများ ကြုံတွေ့ရသည့် အခက်အခဲများအပေါ် ဖြည့်ဆည်းပေးနိုင်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် ကဏ္ဍအလိုက် စီမံကိန်းရေးဆွဲ၍ ကွင်းဆင်းစစ်ဆေးရန် ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)