သိန္နီမြို့နယ်တွင် ၂၀၂၂−၂၀၂၃ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့် Grade -8 သင်ရိုးသစ် မြို့နယ်အဆင့်သင်တန်း ဖွင့်လှစ်

သိန္နီ မေ ၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ၂၀၂၂−၂၀၂၃ ပညာသင်နှစ် အ​ခြေခံအလယ်တန်းအဆင့် Grade -8 သင်ရိုးသစ် မြို့နယ်အဆင့် သင်တန်းဖွင့်ပွဲအခမ်းအနားကို သိန္နီမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ရွှေစင်ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် သိန္နီမြို့နယ် မြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေးက ၂၀၂၂−၂၀၂၃ ပညာသင်နှစ်အတွက် Grade-5 သင်တန်းကို မကြာမီအချိန်က ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယနေ့တွင် Grade-8 သင်တန်းကိုဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ သင်တန်းတွင် ပို့ချမည့်နည်းပြဆရာ/ ဆရာမများအနေဖြင့် ဘာသာရပ်များကို စနစ်တကျပို့ချပေးစေလိုကြောင်း၊ သင်တန်းတက်ရောက်သည့် ဆရာ /ဆရာမများအနေဖြင့်လည်း ဘာသာရပ်များကို စနစ်တကျ သင်ယူစေလိုကြောင်း၊ နိုင်ငံတော်အနေဖြင့် သင်တန်းများဖွင့်လှစ်ရာတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

၂၀၂၂−၂၀၂၃ ပညာသင်နှစ် အ​ခြေခံအလယ်တန်းအဆင့် Grade -8 သင်ရိုးသစ် မြို့နယ်အဆင့် သင်တန်းတွင် သင်တန်းနည်းပြ (၁၄)ဦးက မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ ပထဝီဝင်၊ သမိုင်း၊ စာရိတ္တနှင့် ကာယပညာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်သည်။ အဆိုပါသင်တန်းသို့ သိန္နီမြို့နယ်အတွင်းရှိ ဆရာ၊ ဆရာမ (၆၉)ဦးတက်ရောက်သင်ကြားလျက်ရှိကြောင်း၊ သင်တန်းကို မေလ ၁၆ ရက်နေ့မှ မေလ ၁၈ ရက်နေ့ထိ နံနက် ၉ နာရီ မှ ညနေ ၄ နာရီထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေးထံမှ သိရသည်။

စောဥမ္မာ(သိန္နီ)