ရမ်းဗြဲ မေ ၁၆
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ရမ္မာဝတီရိုးရာလှေပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို နှစ်စဉ်ကျင်းပလျက်ရှိသော ရမ္မာဝတီရိုးရာလှေပြိုင်ပွဲကျင်းပရာနေရာတွင် ယနေ့နံနက်ပိုင်းအချိန်က ကျင်းပကြပါသည်။
ထိုသို့ကျင်းပကြရာတွင် ပြိုင်ပွဲဝင်လှေများမှ အတီးအမှုတ်အကအခုန်များဖြင့် ရောက်ရှိလာကြပြီး ဗဟိုကော်မတီမဏ္ဍပ်ရှေ့တွင် နေရာယူကြရာ ရခိုင်မင်္ဂလာစည်တော်များတီးခတ်၍ အခမ်းအနားကို ပြိုင်ပွဲကျင်းပရေး ဗဟိုကော်မတီဝင်များဖြစ်ကြသော ဦးဘလှ၊ ဦးအောင်ခင်ဇော်၊ ဦးထွန်းနိုင်၊ ဦးထိန်လင်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ၎င်းနောက် ရမ္မာဝတီ ရိုးရာလှေပြိုင်ပွဲ ကျင်းပရေးဗဟိုကော်မတီဝင် ဦးဘလှမှအဖွင့်အမှာစကားပြောကြားပြီးနောက် ပြိုင်ပွဲကျင်းပရေးဗဟိုကော်မတီအဖွဲ့ဝင် ဦးထွန်းထွန်းဦးမှ လည်းပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်၊ ပြိုင်ပွဲဖြစ်မြောက်အောင်ကြိုးပမ်းရပုံများနှင့် ပြိုင်ပွဲ၏ အားနည်းချက်အားသာချက်များကို ရှင်းလင်းပြောကြားသည်။
ရမ္မာဝတီရိုးရာလှေပြိုင်ကို ယခုနှစ်တွင် ယခင်နှစ်များနှင့်မတူဘဲ ရမ္မာဝတီရိုးရာလှေပြိုင်ပွဲ ကျင်းပခဲ့မှုများ၏ မှတ်တမ်းများကို ပြခန်းဖွင့်လှစ်ပြသခြင်း ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များသို့ဖိတ်ခေါ်၍ ပါဝင်ယှဉ်ပြိုင်ခွင့်ပေးခြင်းတို့ကြောင့် တောင်ကုတ်မြို့နယ်မှ ပြိုင်ပွဲဝင် လှေလှော်အသင်း(၃)သင်း၊ မန်အောင်မြို့နယ်မှ(၁)သင်းနှင့် ရမ်းဗြဲမြို့နယ်အတွင်းမှ(၁၄)သင်း စုစုပေါင်း(၁၈)ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ပထမတန်းအဆင့်တွင် လှေလှော်အသင်း (၉) သင်းနှင့် ဒုတိယတန်းအဆင့်တွင် လှေလှော်အသင်း (၉)တို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ပြိုင်ပွဲဝင် လှော်အသင်းများအတွက် ဆုများကိုလည်း အဆင့်အတန်းလိုက်၍ ခွဲခြားသတ်မှတ်ထားရှိရာ ပထမတန်းအဆင့်တွင် ပထမဆုရွှေလံ၊ ဒုတိယဆု ငွေလံ၊တတိယဆုငွေလံ၊ ဒုတိယတန်းအဆင့်တွင် ပထမဆု ရွှေလံ ဒုတိယဆု ငွေလံ၊ တတိယဆု ငွေလံတို့ကို ဆုများချီးမြှင့်ပေး သွားမည့်အပြင် ပြိုင်ပွဲဝင်လှေလှော်အသင်းများ၏ မဏ္ဍပ်အလှဆုများနှင့် သံချပ်ပြိုင်ပွဲ အကောင်းဆုံးဆုများကိုလည်း ချီးမြှင့်ပေးသွားမည်ဖြစ်သည်။ ရမ္မာဝတီရိုးရာလှေပြိုင်ပွဲနှင့်အတူ ရခိုင်ရိုးရာကျင်ပွဲကိုလည်း ကျင်းပပေးသွားမည်ဖြစ်ပြီး ညပိုင်းတွင် ဇာတ်သဘင်များဖြင့် ကပြဖျော်ဖြေသွားမည်ဖြစ်ရာ ရမ္မာဝတီရိုးရာလှေပြိုင်ပွဲကိုမေလ (၁၆) ရက်နေ့မှ မေလ (၁၉)ရက်နေ့ထိ ၄ ရက် ၄ ညတိုင်တိုင် နေ့ပွဲညပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်နိုင် (ပြန်/ဆက်)