သထုံတွင် တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများ စတင်ထုတ်ချေးပေး

သထုံ    မေ     ၁၆

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများအတွက် ၂၀၂၂ ခုနှစ် စိုက်ပျိုးစရိတ်ချေးငွေ‌ကို ယနေ့နံနက်က သထုံခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ စတင် ထုတ်‌ချေးပေးခဲ့ရာ တောင်သူများ အေးချမ်းစွာ ‌လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။

ချေးငွေထုတ်ပေးရာတွင် ခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဒေါ်အေးအေးသိန်းက ယခုနှစ် မိုးစပါးချေးငွေ ထုတ်ချေးပေးသွားမည့် အစီအစဉ်များ၊ ချေးငွေများပြန်လည် ပေးသွင်းရမည့် ကာလနှင့် အပြေအကြေ ပြန်လည်ပေးဆပ်ရေး ဆွေးနွေးပြောကြားခဲ့သည်။

မိုးစပါးချေးငွေကို တစ်ဧကလျင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် တောင်သူတစ်ဦးလျှင် အများဆုံး ၁၀ ဧကအထိ ထုတ်ချေးပေးခြင်းဖြစ်ပြီး ယခင်နှစ်များက ပုံမှန် ၈ ရာခိုင်နှုန်းအတိုးမှ လက်ရှိ အချိန်တွင် ၅ ရာခိုင်နှုန်းသို့ လျော့ချကာ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးစရိတ် ချေးငွေယူမည့် တောင်သူများအနေဖြင့် ပုံစံ ၇ အမည်ပေါက် ရှိရမည်ဖြစ်ပြီး ကျေးရွာအလိုက် ဖွဲ့စည်းပေးထားသည့် မိုးစပါးချေးငွေ ကော်မတီအဖွဲ့၏ ထောက်ခံချက်၊ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်တို့ပါရှိမှသာ ချေးယူခွင့်ရရှိမည်ဖြစ်သည်။

အဆိုပါနေ့‌တွင် သထုံမြို့နယ်အတွင်း ယခင်နှစ်များက မိုးစပါးနှင့် ဆောင်းသီးနှံ စိုက်ပျိုးစရိတ် ချေးငွေများကို အစောဆုံး အ‌ကြေပြန်လည် ပေးဆပ်ခဲ့သည့် ကျောက်တန်းနှင့် တောင်စွန်းကျေးရွာမှ တောင်သူ ၃၇ ဦးတို့၏ စိုက်ဧက ၃၁၁ ဧကအတွက် ချေးငွေကျပ် ၄၆၆၅၀၀၀၀ ကို မိုးစပါးစိုက်ပျိုးစရိတ်အဖြစ် ထုတ်ချေးပေးခဲ့သည်။

သထုံမြို့နယ်တွင် ယခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကို ယခင်နှစ်များက ချေးငွေများ အပြေအကြေ ပြန်လည်ဆပ်ပြီးသည့် မိုးစပါးစိုက်တောင်သူ စုစုပေါင်း ၄၅၃၀ ဦးတို့၏ စိုက်ဧကပေါင်း ၄၃၃၃၂ အတွက် စိုက်ပျိုးစရိတ်ချေးငွေကျပ် ၆၄၉၉.၈ သန်းခန့်အား မေလ ၁၆ ရက်နေ့မှ စတင်ကာ စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားရန် လျာထား‌ကြောင်း သထုံခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

ကိုကိုဦး(ပြန်/ဆက်)