နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လျှပ်စစ်ဓာတ်အားစနစ်တကျသုံးစွဲရေး အသိပညာပေး Talk Show ဆွေးနွေး

နောင်ချို မေ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လျှပ်စစ်ဓာတ်အား စနစ်တကျသုံးစွဲရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို မေလ ၁၆ ရက်နေ့ နံနက် ၁၀နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက Talk Show ဆွေးနွေးပွဲဆောင်ရွက်ရခြင်း  ရည်ရွယ်ချက်များကိုပြောကြားခဲ့ပြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးရဲလင်းကျော်က လျှပ်စစ်ဟာသုံးတတ်လျှင် အကျိုးရှိပြီး မသုံးတတ်လျှင်ဘေးဖြစ်တတ်ကြောင်း၊ လျှပ်စစ်အသိ၊ လျှပ်စစ်သတိဖြင့်သုံးစွဲရန်လိုအပ်ကြောင်း၊ မလိုအပ်ပဲမီးဖွင့်ထားခြင်း၊ လျှပ်စစ်ဝါယာဆွေးမြေ့မှုအပေါ် မလဲလှယ်ပဲ သုံးစွဲခြင်းတို့ကို ရှောင်ကြဉ်သင့်ကြောင်း၊ ရုံးဆင်းချိန်မီးခလုတ်များပိတ်ရန် အရာရှိကိုယ်တိုင် စစ်ဆေးရန်လိုအပ်ကြောင်း၊ လျှပ်စစ်ဓာတ်ကြိုး၌ လျှပ်စစ်ဓာတ်အားအမြဲစီးနေသည်ဆိုသည့် အသိရှိဖို့လိုကြောင်း၊ တစ်ပြိုင်နက်တည်း မီးအသုံးပြုခြင်းမှ ရှောင်ကြဉ်သင့်ကြောင်း စသည်ဖြင့် အကျယ်တဝင့် ဆွေးနွေးခဲကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နောင်ချိုမြို့နယ်ရုံးအနေဖြင့်  ပြည်သူများအသိပညာဗဟုသုများ တိုးပွားစေရန်ရည်ရွယ်၍ အသိပညာပေးTalk Show ဆွေးနွေးပွဲများကို  ဌာနဆိုင်ရာများ၊ လူမှုအသင်းအဖွဲ့များနှင့် ချိတ်ဆက်၍  Online မှတစ်ဆင့်ရိုက်ကူး ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)