လားရှိုး မေ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် နှစ်စဉ်ထုတ်ချေးပေးလျက်ရှိသော မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါဘဏ်တွင် ထုတ်ချေးပေးလျက်ရှိသည်။
ထိုသို့ မိုးရာသီစိုက်ပျိုးစရိတ်ထုတ်ချေးပေးရာတွင် လားရှိုးမြို့၊ မန်ကတ်ကျေးရွာ ပုံစံ(၇)လက်ဝယ်ရှိ တောင်သူများအား မိုးရာသီသီးနှံများစိုက်ပျိုးရန် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ၂၅၃၅၀၀၀၀ ကျပ် ထုတ်ချေးပေးလျက်ရှိပြီး ကျန်ရှိသောကျေးရွာအုပ်စုများအတွက်လည်း စိုက်ပျိုးရေး စရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးသွားမည်ဖြစ်သည်။
လားရှိုးခရိုင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် လားရှိုးခရိုင်အတွင်းရှိ လားရှိုး၊ သိန္နီ၊ မိုင်းရယ်မြို့နယ်များနှင့် ကျောက်မဲခရိုင်အတွင်းရှိ နမ္မတူမြို့နယ်အတွက် ပုံစံ(၇)လက်ဝယ်ရှိ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ် ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး