မြောက်ဥက္ကလာပ စက်တင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ် ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးထိုးနှံ တိုက်ကျွေးခြင်း၊ ကလေးငယ်များအား ကိုယ်အလေးချိန်နှင့် ကျန်းမာရေးစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ရွှေပေါက်ကံမြို့သစ် (၁၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ (၁၆)ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရန်နှင့် လူစုလူဝေး မဖြစ်စေရန်အတွက် ကလေးငယ်များအား အလှည့်ကျဆေးထိုး၊ ဆေးတိုက် ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆေးထိုးဆေးတိုက် ဆောင်ရွက်ရာတွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား အသက်အရွယ်အလိုက် လစဉ် ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက် အမှေးရောင်၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန် အဆုတ်ရောင် (ပီစီဗွီ)၊ ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေး စသည်တို့ကို ထိုးနှံပေးခြင်း ပိုလီယိုအကြောသေရောဂါ ကာကွယ် ဆေး တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်၊ ဆုံဆို့ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် ကျန်းမာရေးအသိ ပညာ ပေးခြင်း တို့ကို ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)