သစ်ပင်ပန်းမန်အမျိုးမျိုးအား ကိုင်းဆက်နည်းပညာဖြင့် မြန်မာပြည်အရပ်ရပ်သို့ ကိုင်းဆက် သစ်သီး၊ သစ်ပင်များအား ရောင်းချခြင်းဖြင့် စီးပွာဖြစ်

ညောင်ဦး  မေ  ၁၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နှင့် ပုပ္ပားကြားရှိ ဆည်ပေါက်ကျေးရွာသည် သစ်ပင်ပန်းမန်အမျိုးမျိုးအား ကိုင်းဆက်နည်းပညာဖြင့် သစ်သီးပင်အမျိုးမျိုး၊ ပန်းပင်အမျိုးအား ကိုင်ဆက်ကာ ပျိုးပင်၊ ကိုင်းဆက်ပင်အမျိုးမျိုးရောင်းချပြီး စီးပွားဖြစ် လုပ်ကိုင်နေသည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း သစ်ပင်အမျိုးမျိုးကိုင်းကူး၊ ကိုင်းဆက်ရောင်းချနေသည့် ဦးထွန်းထွန်းထံက သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း (၁၀၉) အုပ်စု၊ ကျေးရွာပေါင်း (၃၃၉) ရွာနှင့် မြို့ပေါ် (၁၂) ရပ်ကွက်ရှိကြောင်းသိရပြီး ဆည်ပေါက်ကျေးရွာသည် ဆည်ပေါက်အုပ်စု၊ ညောင်ကန်ကျေးရွာ၊ အင်ချောင်းကျေးရွာစသည့် ရွာသုံးရွာဖြင့် ဖွဲ့စည်းထားသည့် အုပ်စု ဖြစ်ကြောင်းသိရသည်။ တစ်အုပ်စုလုံး သစ်ပင်ပန်းမန်အမျိုးမျိုး စိုက်ပျိုး၊ ပျိုးထောင်ရောင်းချနေ သော်လည်း ဆည်ပေါက်ကျေးရွာသည် တစ်ရွာလုံးသစ်ပင်အမျိုးမျိုး၊ အလှပန်းပင်အမျိုးမျိုး ရောင်းချနေသည့် ကျေးရွာဖြစ်ပြီးကြောင်း သိရသည်။ အဆိုပါ ဆည်ပေါက်ကျေးရွာသည် မြန်မာပြည်အရပ်ရပ်သို့ ကိုင်းဆက်သီးပင်၊ စားပင်၊ အလှပန်းပင်အမျိုးမျိုးအား ဆိုင်နာမည် Page ထောင်ထားကြကာ Online မှတစ်ဆင့် သစ်ပင်အမျိုးမျိုးအားရောင်းချမှုများ ပြားလျက်ရှိပြီး စိုက်ပျိုးရေးခြံများသို့လည်း ကားကြီး၊ ကားငယ်၊ သုံးဘီးဆိုင်ကယ်များဖြင့် လာရောက်ဝယ်ယူမှု များပြားလျက်ရှိကြောင်း သိရသည်။ ဆည်ပေါက်ကျေးရွာသည် ကျောက်ပန်းတောင်း မြို့နယ်ထဲတွင်သာမက မြန်မာပြည်အရပ်ရပ်မှလည်း ပျိုးဥယျာဉ်ခြံများရှိသည့် ကျေးရွာအဖြစ် အသိများသည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း သိရသည်။

ဆည်ပေါက်ကျေးရွာ၏ နာမည်အကြီးဆုံးတစ်ခုဖြစ်သည့် သစ်သီး၊ သစ်ပင်များ ကိုင်းဆက် ရောင်းချမှုသည် အလွန်နာမည်ကြီးကြောင်း၊ ကိုင်းဆက်မည့် မူလအပင်များဖြစ်သည့် ကိုးလက်မစိမ်းချိုသရက်၊ ခြောက်လက်မစိမ်းချိုသရက်၊ သုံးရာသီသရက်၊ စိန်တစ်လုံးသရက်၊ အာတူးအီး တူးသရက်များ ကိုင်းဆက်ကိုင်းကူးနိုင်ရန် မူလသရက်မျိုးအပင်များစတင်စိုက် ပျိုးထားရပြီး ဒေသမျိုးရင်း သရက်မျိုးများအား ရွေးချယ်ကာ အစေ့ထောင်ပျိုးထောင်ထားကြကြောင်း၊ ကိုင်းဆက်မည့်သရက်ကိုင်းနှင့် ပျိုးထောင်ထားသည့် သရက်ပျိုးအိတ်ထဲရှိ အပင်နှင့်ကိုင်းသည် မတိမ်းမယိမ်းရှိနေလျှင် ကိုင်းဆက်၍ရကြောင်း၊ ကိုင်းဆက်နည်းရာနှုန်းပြည့် အောင်မြင်လေ့ရှိပြီး ကိုင်းဆက်ထားသည့် သရက်ပင်ပတ်လည်အား ကိုင်းဆက်စိုက်ပျိုးအိတ်ကို ကြိုးဖြင့်ချိတ်ဆွဲထားနိုင်ရန် အပင်ပတ်လည် စင်ထိုးထားရကြောင်းလည်းသိရသည်။ ကိုင်းဆက်နည်းပညာ တစ်ရွာလုံးနီးပါးကျွမ်းကျင်ကြကာ ဆည်ပေါက်ကျေးရွာကိုင်းဆက်သည့် အပင်များဖြစ်သော ခရေကြားကိုင်းဆက်ပင်၊ ပန်းရောင်ကံ့ကော်ကိုင်းဆက်ပင်၊ ဆီးကြက်ဥ၊ ဆီပန်းကိုင်းဆက်ပင်၊ အစေ့လွတ်မာလကာကိုင်းဆက်ပင်၊ ထိုင်ဝမ်ပိန္နဲကိုင်းဆက်ပင်၊ နှင်းဆီအမျိုးမျိုး ကိုင်းဆက်ခြင်း၊ စက္ကူပန်းပင်အား တစ်ပင်ထဲနှင့်နှစ်ရောင်ကိုင်းဆက်ခြင်း၊ သရက်အမျိုးမျိုးအား ကိုင်းဆက်ရောင်းချခြင်းများဖြင့် တစ်ရွာလုံး စားပင်သီးပင်၊ အလှပန်းပင် အမျိုးမျိုးအား ရောင်းချခြင့်ဖြင့် စီပွားဖြစ်စိုက်ပျိုးရောင်းချနေသည့် ကျေးရွာဖြစ်ကာ ကိုင်းဆက်နည်းပညာ ဖွံ့ဖြိုးနေသည့်ကျေးရွာဖြစ်ကြောင်း ဦးထွန်းထွန်းက ရှင်းပြ၍သိရသည်။

ကိုထိန်၊ KPD