မိုင်းနောင် မေ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမတွင် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် ဗုဒ္ဓဝင် အမေးအဖြေပြိုင်ပွဲကို မေလ(၁၄)ရက်နေ့၊ နေ့လည်(၂)နာရီ အချိန်တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။
ထိုသို့ ဆောင်ရွက်ရာတွင်နွေရာသီကျောင်းပိတ်ရက်အတွင်း သားငယ်/သမီးငယ်များအား လိမ္မာယဉ်ကျေးလာစေရန်၊ မိမိတို့၏ဘာသာ/သာသနာနှင့် ပတ်သက်၍ လေးလေးနက်နက်သိမြင်လာစေရန်၊ အားလပ်ချိန်များကိုအကျိုးရှိရှိ အသုံးချတတ်စေရန်အတွက် ဗုဒ္ဓဘာသာ အခြေခံများကိုသင်ကြားပြသခဲ့ရာ တစ်လအတွင်းသင်ယူခြင်းအပေါ် ပြန်လည်ဆန်းစစ်၍ အမေးအဖြေပြိုင်ပွဲကိုပြုလုပ်ပေးခြင်းဖြစ်ကြောင်း နည်းပြဆရာ ဦးစိုင်းဘိုနီထံမှ သိရသည်။
အဆိုပါ အခမ်းအနားတွင် သားငယ်/သမီးငယ်(၉)ဦး ဝင်ရောက်ယှဉ်ပြိုင်၍ မြို့အုပ်ချုပ်ရေးမှူး ဦးရဲနိုင်ထွန်းနှင့် ဌာနဆိုင်ရာများ၊ ကျောင်းသားမိဘများ၊ ဆရာ/ဆရာမများတက်ရောက်ကာ ဆုရရှိသူများအား တက်ရောက်လာသူများမှ ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
မနန်း(မိုင်းနောင်)