မိုင်းဆတ်မြို့၌ အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

မိုင်းဆတ် မေ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို မေလ(၁၆)ရက်နေ့ နံနက်(၉)နာရီက အောင်ဇေယျဘက်စုံ အားကစားကွင်းတွင်ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာဓိဋ္ဌာန်(၄)ချက်ကို သံပြိုင်ရွတ်ဆိုခဲ့ကြပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်က နိုင်ငံတော်မှချမှတ်ထားသော မူဝါဒဖြစ်သည့် “မြန်မာ့အားကစားမှ ကမ္ဘာ့အားကစားသို့” ဆောင်ပုဒ်နှင့်အညီ မြင့်မားသောရည်မှန်းချက်၊ အားကစားသမားများအနေဖြင့် စည်းကမ်းချက်နှင့်အညီ ယှဉ်ပြိုင်ကစားစေလိုကြောင်း၊ တစ်မျိုးသားလုံး ကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးနှင့် ထူးချွန်ထက်မြက်သည့် အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ဆက်လက်၍ တိုင်းရင်းသားအသင်းနှင့် မြို့နယ်မီးသတ်အသင်း၊ ကာနအသင်းနှင့် 5-STAR အသင်း၊ မြို့သစ်အသင်းနှင့် နောင်ဟီးအသင်းတို့က ဖွင့်ပွဲအနေဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြသည်။

အဆိုပါ အသက်(၂၅)နှစ်အောက်အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲအား ပြိုင်ပွဲဝင်အသင်း(၈)သင်းဖြင့် မေလ(၁၆) ရက်နေ့မှ (၁၈)ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

မြင့်မောင်(မိုင်းဆတ်)