မောင်တော မေ ၁၆
ရခိုင်ပြည်နယ် မောင်တောမြို့၌ အိုက်ကီဒို၊ ကရာတေးဒို အသင်း၏ နှစ်(၅၀)ပြည့် ရွှေရတု အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နေ့လည် ၁ နာရီအချိန်က သီရိမင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို ရခိုင်မင်္ဂလာစည်တော်ယွမ်း၍ စတင်ဖွင့်လှစ်ပြီး ကရာတေးသင်တန်း နည်းပြများနှင့် သင်တန်းသား/သူများက ဆရာကြီးဦးသောင်းဒင်နှင့် ဆရာကြီး ဦးထွန်းရွှေမောင်တို့အား အရိုအသေ ဂါရဝပြုကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်က မောင်တောမြို့နယ် အိုင်ကီဒို၊ ကရာတေးဒို အသင်းဟာ ၁၉၇၁ ခုနှစ်မှစပြီး စစ်တွေမြို့မှ နာယက ဆရာကြီး ဦးထွန်းရွှေမောင်နှင့် လက်ထောက်နည်းပြဆရာများ လာရောက်ပြီး မောင်တောအသင်း အမှတ်စဉ်(၁)အဖြစ် အခြေခံ ကရာတေးသင်တန်းကို ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်းနှင့် မြို့နယ်အတွင်း ယနေ့ထိ အသင်းသား၊ အသင်းဝင် (၁၅၀၀)ခန့် မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရှိရပြီး၊အသင်းအနေဖြင့် တိုင်းနှင့်ပြည်နယ် အားကစားပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေးတံဆိပ် နှင့် မြို့နယ်ပေါင်းစုံပြိုင်ပွဲတွင် တံခွန်စိုက် ဒိုင်းဆု (၄)ကြိမ် ရရှိထားကြောင်း၊ အသင်းအနေဖြင့် ရခိုင်ပြည်နယ်နှင့် နိုင်ငံတော်၏ ဂုဏ်ကို အားကစားဖြင့် မြင့်တင်ပေးပါ၊ လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး အတွက် ကြိုစားဆောင်ရွက်ကြပါ၊ အသင်းရည်ရှည် တည်တံ့ရေးအတွက် စည်းကမ်းရှိပြီး စည်းလုံး ညီညွတ်စွာဖြင့် ကြိုးစားဆောင်ရွက်ကြပါလို့ မှာကြားလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ရခိုင်ပြည်နယ် အိုက်ကီဒို၊ ကရာတေးဒိုအသင်း ဒုတိယနည်းပြချုပ်ဆရာ ဦးမောင်ထွန်းစိန်က အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်အိုက်ကီဒို အသင်းနာယက နည်းပြချုပ် ဆရာ ဦးခင်မောင်က အသင်း၏ အခြေအနေများနှင့် ကျေးဇူးတင်စကား ပြောကြားခဲ့ပြီးနောက် အမှတ်တရအထိမ်းအမှတ် အလံနှင့် လက်ဆောင်ပစ္စည်းများအား တာဝန်ရှိသူများထံ ပေးအပ်ခဲ့သည်။ ယင်းနောက် အသင်းသူ၊ အသင်းသားများ နည်းပြဆရာများက စွမ်းရည် သရုပ်ပြသခဲ့ကြကြောင်း သိရသည်။
အောင်ကျော်စိန်၊ သက်လွင်စိုး