ကျောက်ပန်းတောင်း မေ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပညာရေးမှူးရုံးမှ ကျင်းပပြုလုပ် သည့် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန် နေ့နံနက်(၉)နာရီက အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်းတွင် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းတွင် ဘဏ္ဍာနှစ်အတွင်း ငွေစာရင်းခေါင်းစဉ်အလိုက် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဆိုင်ရာများ၊ ကျောင်းတွင်းစီမံ ခန့်ခွဲရေးဆိုင်ရာများ၊ ပညာသင်ကြားရေးတွင် သင်ကြားသင်ယူမှုဆိုင်ရာများနှင့်ပတ်သက်၍ မှတ်တမ်းရေးသွင်းမှုနှင့် ဘာသာရပ်အလိုက် သတ်မှတ်အချိန်ဇယားအတိုင်း သင်ကြားရေးဆိုင်ရာများနှင့် ကျောင်း အလိုက်ဆောင်ရွက်နေသည့် စီမံကိန်းများနှင့်ပတ်သက်၍ စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာကိစ္စရပ်များကို၊ မန္တလေးတိုင်းဒေသကြီးပညာရေးမှ မေလ(၃)ရက်နှင့်(၄)ရက်တို့တွင် အခြေခံပညာအထက်တန်းကျောင်း အမှတ်(၁၄)တွင်ဖွင့်လှစ်ခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲတွင်တက်ရောက်ခဲ့ပြီးသည့် မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်နှင့် ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများက ပြန်လည်ဆွေးနွေးပို့ချကြခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ဆွေးနွေးပို့ချသူ မြို့နယ်ပညာရေးမှူးဒေါ်မော်မော်နှင့် နည်းပြများ၊ သင်တန်းသားသင်တန်းသူအခြေခံ ပညာအထက်တန်း/အလယ်တန်းနှင့်မူလတန်းကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ စုစုပေါင်း (၂၈၂)ဦး တက်ရောက်လျက်ရှိပြီး၊ အလုပ် ရုံ ဆွေးနွေးပွဲကာလမှာ (၁၄.၅.၂၀၂၂)ရက်မှ (၁၅.၅.၂၀၂၂)ရက်နေ့အထိ (၂)ရက် ဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)