မြောက်ဥက္ကလာပ စက်တင်ဘာ ၄
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း များ အထောက်အကူပြု နိုင်ရေး အတွက် ညမထွက်ရအမိန့်အား လိုက်နာခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္က လာပ မြို့နယ်တွင် ယမန်နေ့ညအချိန်က ရပ်ကွက်များအတွင်း လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရုံးအဖွဲ့ဝင်များ ပူးပေါင်း၍ မြို့နယ်အတွင်း ည(၁၂:၀၀) နာရီမှ နံနက် (၀၄:၀၀)နာရီအချိန်အထိ သတ်မှတ်နယ်နိမိတ်အတွင်း နေအိမ်ပြင်ပသို့ထွက်ခွာခြင်း၊ စုဝေးခြင်း မပြုကြ ရန် ညမထွက်ရအမိန့်အား ပြည်သူများ သိရှိလိုက်နာစေရန် အသိပေးပြီးဖြစ်ရာ စက်တင်ဘာလ (၃)ရက်နေ့မှ (၄)ရက်နေ့အထိ မြို့နယ် အတွင်း ညမထွက်ရ အမိန့်ဖောက်ဖျက်သူ(၈၂)ဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၁၈၈)ဖြင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
မြို့နယ်အတွင်း နယ်မြေလုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် အဖွဲ့အစည်းများ၊ ကျန်းမာရေး ကိစ္စဖြင့် ပြင်ပသို့ သွားလာ ခြင်းမှအပ ဤအမိန့်သည် အများပြည်သူအကျိုးအတွက် ထုတ်ပြန်ထားခြင်းဖြစ်သဖြင့် ပြည်သူများ တိကျစွာလိုက်နာ ကြ ရန် လိုအပ်ကြောင်း သိရှိရသည်။
မြမြဝင်း (ပြန်/ဆက်)