တံတားဦး မေ ၁၆
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမ၌ ပန်းချီသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားတွင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က သင်တန်းဆင်းပွဲ ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး ပန်းချီပညာရှင် ဦးရွှေကျော်အေးက သင်တန်းသား၊ သင်တန်းသူများအား ပန်းချီပညာနှင့် ပတ်သက်၍ မိမိထံတွင် အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ကြောင်း၊ ပန်းချီပညာကိုလည်း အမြဲလေ့လာရေးဆွဲသင့်ပါကြောင်းပြောကြားရာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိက ပန်းချီပညာရှင်အား ဂါရဝပြုလက်ဆောင်များပေးအပ်ခဲ့သည်။
တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်း သူများအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရေး၊ ပန်းချီသင်တန်းမှ ပို့ချပေးသည့် ပန်းချီရေးဆွဲနည်းများ၊ မျဉ်းအကြောင်း၊ ဆတိုး/ဆခွဲနည်း၊ (မျက်လုံး၊ နား၊ နှာခေါင်း၊ ပါးစပ်)၊ ခန္ဓာကိုယ်ရေးဆွဲနည်း၊ သစ်ပင်ပန်းမာလာရေးဆွဲနည်း၊ အနီးအဝေးနည်းပညာ၊ အရာဝတ္ထုရေးဆွဲနည်းများကို မေလ(၁၁)ရက်နေ့ မေလ(၁၅)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း ဦးစီးအရာရှိ ဦးဘိုမောင်ထံမှ သိရသည်။
ရဲတင့်