ဘူးသီးတောင် မေ ၁၆
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ ( ၉)ကြိမ်မြောက် ရခိုင်အမျိုးသားနေ့ အခမ်းအနားကို ယမန်နေ့နံနက် (၈)နာရီအချိန်က ဘူးသီးတောင်မြို့ ဦးဥတ္တမခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနား တက်ရောက်လာကြသူများက အရှင်နာဂိန္ဒမော်ကွန်း (၃)ကြိမ်ရွက်ဆိုပြီး ရခိုင်မင်္ဂလာစည်တော် တီးခတ်ကာ ရခိုင်အမျိုးသားအောင်လံတော်အား အလေးပြုပြီး အခမ်းအနားဖွင့်လှစ်ခဲ့ကြသည်။
ထို့နောက် ရခိုင်ရိုးရာယဉ်ကျေးမှုအဖွဲ့မှ ရခိုင်ရိုးရာယိမ်းအကဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး အေးစေတီကျောင်းတိုက် စာချဆရာတော် ဦးနာဂဝံသနှင့် ဘူးသီးတောင်မြို့နယ် ဆင်စွယ်ရ ဘုန်းတော်ကြီးကျောင်းတိုက် စာချဆရာတော် ဦးပညာဇောတ၊ ဦးနာယာက (အနောက်တံခါးမှူး)၊ မင်းသက်ခိုင်(စည်တောင်)၊ မေသာဂီ(ဘူးသီးတောင်)တို့မှ ရခိုင်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအား ရှင်းလင်းဟောပြောခဲ့ပြီး ၂၀၂၁- ၂၀၂၂ ခုနှစ်အလယ်တန်း၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အခမ်းအနားသို့ ဘူးသီးတောင်မြို့နယ် ဘုန်းတော်ကြီးကျောင်းအသီးသီးမှ ရဟန်း၊ သံဃာတော်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရခိုင်မျိုးနွယ်စုဝင်များ၊ ပြည်သူလူထုများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း( ၂၀၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် ( ပြန်/ဆက် )