မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး  ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ထိုးနှံ

မြောက်ဥက္ကလာပ မေ ၁၆

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား  ကိုဗစ်-၁၉ ကာကွယ်ဆေး (Covishield) ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးအတွက် ယနေ့နံနက် ၉:၀၀ နာရီက မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီစုရပ်ဆေးထိုးစင်တာ၊ ရွှေပေါက်ကံဒေသန္တရဆေးခန်းနှင့် “ က ”စျေးဓမ္မာရုံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက်ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် အသက် ၁၈ နှစ်နှင့်အထက် ဒုတိယအကြိမ်(Covishield)ထိုးနှံသူ ၉ ဦး၊ အသက် ၁၈ နှစ်နှင့်အထက် ပထမအကြိမ်(Covishield)ထိုးနှံသူ ၃၆ ဦး၊ အသက် ၁၅ နှစ်နှင့်အထက် ပထမအကြိမ်(Sinovac)ထိုးနှံသူ(၃)ဦးတို့အား ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်းသိရသည်။ မြောက်ဥက္ကလာပမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိပြီး မြောက်ဥက္ကလာပမြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာဦးစားပေး ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက် ထိုးနှံပေးခဲ့ကြောင်းသိရသည်။

အဆိုပါဆေးထိုးနှံရာသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့များပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာ ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာသို့ လာရောက်ထိုးနှံကြသူများအား မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက အောက်စီဂျင်တိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းတို့ကိုဆောင်ရွက်ပြီး ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံနိုင်ရေး စနစ်တကျဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

လှလှထွေး(ပြန်/ဆက်)