ဒေါပုံမြို့နယ်တရားရုံး အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန် မေ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်တရားရုံး  အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၈)နာရီက ဒေါပုံမြို့နယ်၊ ယမုံနာလမ်းရှိ အဆိုပါရုံးနေရာ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေတို့ တက်ရောက်သည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အခြားဖိတ်ကြား ထားသည့် ဧည့်သည်တော်များတက်ရောက်ကြသည်။

အဆောက်အဦသစ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့်  ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ် တို့က  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်တို့က မြို့နယ်တရားရုံး ကမ္ဗည်းမော်ကွန်း ဆိုင်းဘုတ်ကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပေးကာ  တက်ရောက်လာသည့် တာဝန်ရှိ သူများနှင့်  အမှတ်တရစုပေါင်း မှတ်တမ်းဓါတ်ပုံ ရိုက်ကူးသည်။  

ဆက်လက်၍ အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို အဆိုပါရုံးရှိ အစည်းအ‌ဝေးခန်းမ၌ ကျင်းပရာ ဒေါင်း‌ဝေနွယ် ဆောက်လုပ်ရေး ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဒေါ်ကျော့ဗိုလ်နောင်က အဆောက်အဦနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အဆောက်အဦနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို  သက်ဆိုင်ရာတာဝန်ရှိသူထံ လွှဲပြောင်း ပေးအပ် သည်။

ဆက်လက်၍ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေတို့ထံ ဒေါပုံမြိုနယ်  တရားရုံး အဆောက် အဦသစ် ဖွင့်လှစ်ခြင်း  အထိမ်းအမှတ် ဖန်သားတံဆိပ်တုံးနှင့်  အလံငယ်များကို  ပေးအပ်ပြီးနောက်   ဒေါပုံမြို့နယ် တရားသူကြီး  ဦးဇေယျာအေးချိုက  ကျေးဇူးတင်စကား ပြောကြားသည်။ ယင်းနောက် တက်ရောက်လာကြသည့် တာဝန်ရှိသူများက အဆောက်အဦသစ်အတွင်း လှည့်လည်ကြည့်ရှုသည်။

ယနေ့ဖွင့်လှစ်သည့် ဒေါပုံမြို့နယ်တရားရုံး၊ ပင်မအဆောက်အဦသစ်မှာ အနံ ၆၀ ပေ၊ အလျား ၁၃၁ ပေ ၆ လက်မအကျယ်အဝန်းရှိ မြေအောက်ကားရပ်နားသည့် နေရာအပါအဝင် သံကူကွန်ကရစ် အမျိုးအစား လေးထပ်အဆောက်အဦဖြစ်ပြီး တရားရုံး အသုံးပြု သူများအနေဖြင့် တရားစီရင်ရေးဆိုင်ရာလုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိကြောင်း သိရှိရသည်။

အောင်မြင့်