ရွာငံ မေ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ အလယ်ချောင်ကျေးရွာတွင် ဒေသမျိုး စပါးများအပြင် ဘာစမာတီစပါးများကို ယာမြေတွင်စမ်းသပ်စိုက်ပျိုးလျက်ရှိသည်။ ရွာငံမြို့တွင် ဒေသစပါးမျိုးဖြစ်သည့် ဆန်နီစပါး၊ ကုန်းမြင့်−၂(မုတ်ဆိုးမကြွေးကျေ)စပါးကို မိရိုးဖလာ၊ ဘိုးစဉ်ဘောင်ဆက်စိုက်ပျိုးလာခဲ့ကြသည်မှာ ယခုတိုင်ဖြစ်သည်။
ယခုအခါတွင် လယ်စပါးဖြစ်သည့် ကျန်းမာရေးနှင့်ကိုက်ညီပြီး စျေးကွက်ရှိသည့် ဘာစမာတီစပါးများကို ယာမြေတွင်ဖြစ်ထွန်းအောင်မြင်အောင် စမ်းသပ်စိုက်ပျိုးလာသည်မှာ (၃) နှစ်ရှိပြီး ဒေသစပါးများနှင့် အထွက်နှုန်း နှိုင်းယှဉ်ပါက ဒေသစပါးများထက် အနည်းငယ်သာလျှင် လျော့ကြောင်းတွေ့ရှိရသည်။ ထို့ကြောင့် စျေးကောင်းရရှိပြီး၊ ဆီချိုသွေးချိုသမားများအတွက် စားသုံးရန်သင့်သည့်ဆန်ဖြစ်သည့်အတွက် ဘာစမာတီစပါးမျိုးများကို ယာမြေတွင်လည်း စိုက်ပျိုးနိုင်သည်။
ဘာစမာတီဆန်စပါးကို ယာမြေတွင် စိုက်ပျိုးမည်ဆိုပါက ကြောင်းဆွဲစနစ်ဖြင့် စိုက်ပျိုးရသည်။ အဆိုပါ စပါးမစိုက်ပျိုးမှီ မြေဆီမြေဩဇာကောင်းစေရန် တိကျစ်ရည်ကို ဖျန်းပေးရသည်။ မြေခံအဖြစ် သဘာဝမြေဆွေးနှင့် နွားချေးကိုရောစပ်ပြီး ထည့်သွင်းစိုက်ပျိုးရသည်။ တန်ကြားကို (၆)လက်မထား စိုက်ပျိုးရသည်။ ဘာစမာတီမျိုးစပါးကို မျိုးစေ့ဆောင်ရောဂါများကာကွယ်ရန်နှင့် အဖျင်းအမော်များကို ဖယ်ရှားရန်အတွက် စပါးဆားရည်စိမ်ခြင်းနည်းလမ်းအတိုင်း စနစ်တကျလုပ်ဆောင်ရသည်။ စပါးမျိုးညှောင်ပေါက်နိုင်စေရန်အတွက် (၂၄)နာရီ ရေစိမ်ပြီး အဝတ်စအစိုပေါ်တွင် ဖြန့်ခင်းထားရပြီး စပါးစပ်ဖြူလာပါက စတင်စိုက်ပျိုးရသည်။ စိုက်ပျိုးပြီး (၄၅)ရက်သားမှာ ကြားပေါင်းတစ်ကြိမ်လိုက်ရပြီး မြေဩစာကို ပင်ပွားထွက်ချိန်တွင် တစ်ကြိမ်ကျွေးရသည်။ ယာမြေတွင် စိုက်ပျိုးလိုက်သော ဘာစမာတီးစပါးတွင် ကျရောက်သော ပိုးမွှားရောဂါများမှာ ရွက်စင်းရောဂါ၊ ရွက်ညိုပျောက်ရောဂါ၊ ဂုတ်ကျိုးနှင့်အနှံဖြူရောဂါများနှင့် နှံစုတ်ဂျပိုးကောင်များ တွေ့ရတတ်သည်။ အဆိုပါရောဂါများ မကျရောက်မှီအချိန်တွင် မှိုရောဂါဆေးများကို စနစ်တကျ အချိန်မှန်၊ နှုန်းထားမှန်ဖျန်းပေးခြင်းအားဖြင့် ကာကွယ်နိုင်သည်။
ဘာစမာတီစပါးများ အထွက်နှုန်းကောင်းစေရန်နှင့် မျိုးစေ့သန်မာစေရန်အတွက် ဖုံးတုံး၊ လုံးတုံး အချိန်တွင် မြေဩဇာကျွေးခြင်းသည် အရေးကြီးဆုံးအချိန်ဖြစ်သည်။ ယာမြေများတွင် ဘာစမာတီစပါးများကို စိုက်ပျိုးပါက ဝါဆိုလတွင်စတင်စိုက်ပျိုးရပြီး တန်ဆောင်မုန်းလတွင် ရိတ်သိမ်းရသည်။ ပျှမ်းမျှအားဖြင့် ဘာစမာတီစပါးသက်တမ်းသည် (၁၄၅)ရက်သားရှိပြီး အထွက်နှုန်းမှာ တစ်ဧကလျှင်(၂၅)တင်းမှ တင်း(၃၀)ကြားထွက်ရှိသည်။ ဘာစမာတီမျိုးစပါး တစ်တင်းကို ကျပ် (၅၀၀၀၀) ရှိပြီး ကြိတ်ခွဲပြီးသား အသင့်စားဆန်တစ်အိတ်လျှင် ကျပ် (၈၀၀၀၀)နှင့် (၁၀၀၀၀၀)ကြားရှိပါသဖြင့် ယာမြေတွင်လည်း ဘာစမာတီစပါးများကို စိုက်ပျိုးသင့်ကြောင်း ဘာစမာတီစပါးစမ်းသပ်စိုက်ပျိုးသည့် တောင်သူတစ်ဦးထံမှသိရသည်။
ပြည့်ဖြိုးသန့်(ရွာငံ)