ရန်ကုန် မေ ၁၆
မြတ်ဗုဒ္ဓ၏ သာသနာတော် သုံးရပ်တွင် အခြေခံဖြစ်သည့် ပရိယတ္တိသာသာနာ ရှင်သန်ခိုင်မာစေရန် ရည်မျှော်မှန်း၍ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့် မြို့နယ်တွင် ၂၀၂၁ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော ပါဠိပထမပြန်စာမေးပွဲ၌ အောင်မြင်ခဲ့သည့် သံဃာတော် အရှင်သူမြတ်များအား အောင်လက်မှတ် ဆပ်ကပ်ခြင်းနှင့် ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည် ။
ရှေးဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော်က ငါးပါးသီလနှင့် သြဝါဒများ ဟောကြားချီးမြှင့်ပေးခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်တွင် ကျင်းပခဲ့သော ပါဠိပထမပြန် စာမေးပွဲတွင် မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ ဖြေဆိုအောင်မြင်ခဲ့ကြသော စာအောင်သံဃာတော်များဖြစ်သည့် ပထမကြီးတန်းအောင် (၉) ပါး၊ ပထမလတ်တန်းအောင် (၅) ပါးနှင့် အခြေပြုမူလတန်းအောင် (၁၀) ပါးတို့အား အောင်လက်မှတ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အသီးသီး ဆပ်ကပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မျိုးအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ရပ်ကွက် (၂၀) မှ အလှူရှင်များက သံဃာတော်များအား ဆွမ်းဆန်စိမ်း၊ လှူဖွယ်ဝတ္ထုများနှင့် ဝတ္ထုငွေများအား ဆပ်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ကျော်သူဟိန်း