ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်၌ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက် လုပ်ဆောင်လျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီက ဆိပ်ကြီးခနောင်တိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများမှ မြို့နယ်အတွင်း လူစည်ကားရာ နေရာတစ်ခုဖြစ်သည့် ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ “ရွှေရန်ကုန်” စက်တပ်ရေယာဉ်ဂိတ် (သမ္ဗန်ဆိပ်) အနီးတွင် ပြည်သူများ လက်ဝယ်အရောက် အကာအကွယ် Mask များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်သိန်း ဦးဆောင်၍ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်အောင်မြင့်နှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများက ပြည်သူလက်ဝယ်အရောက် Mask များ အခမဲ့ ဖြန့်ဝေပေး၍ Mask မပါရှိသူများအား ချက်ချင်းတပ်စေခြင်း၊ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များကို ပြည်သူများ သိရှိစေရန် အသံချဲ့စက်ဖြင့် လိုက်လံ ကြေညာပေးခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက် (၉)ရပ်ကွက်နှင့်၊ လူဦးရေသုံးသောင်းကျော် နေထိုင်လျက်ရှိပြီး၊ အများစုမှာ ရန်ကုန်မြို့တွင်း သို့ သွားရောက် အလုပ်လုပ်ကိုင်နေကြရသူများ ဖြစ်သည်။ ယခုအခါ ရခိုင်ပြည်နယ်မှ အစပြု၍ ရန်ကုန်တိုင်းအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး အချို့ရှိမြို့နယ် အများစုတွင် COVID-19 ရောဂါ ပိုမိုကူးစက် ပျံ့နှံလာပြီဖြစ်သဖြင့် မိမိတို့မြို့နယ်အတွင်း ရောဂါကူးစက် ပျံ့နှံမှု မဖြစ်စေရေးအတွက် ယခုကဲ့သို့ အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက် လုပ်ဆောင်နေရခြင်း ဖြစ်ကြောင်းလည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
ဝေယံ(ဆိပ်ကြီးခနောင်တို)