နမ့်ဆန်၌ COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာနှင့် အခြေခံ မဲဆန္ဒရှင် စာရင်း မှန်ကန်ရေး ဆောင်ရွက်လျက်ရှိ

 

နမ့်ဆန် စက်တင်ဘာ ၄

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်း COVID-19 ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာနှင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အခြေခံ မဲဆန္ဒရှင် စာရင်းမှန်ကန်ရေးအတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ  သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် ဆက်စပ် ကာ မြို့နယ်ဌာနဆိုင်ရာများ၊ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍  ဆောင်ရွက် လျက်ရှိ ကြောင်းသိရပါသည်။

COVID-19 ကူးစက်ရောဂါ ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်ပြည်သူ့ဆေးရုံရှေ့တွင် ခရီးသည်တင်ယာဉ်နှင့် လူဝင် လူထွက်သွားလာခြင်းများကို ကျန်းမာရေးဌာန၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ဝင်များတို့က စစ်ဆေးကြပ်မတ်ခြင်း၊ သတင်းရယူခြင်းကို ဆောင်ရွက်လျက်ရှိပြီး၊ ကျန်းမာရေးဌာန၊ မြို့နယ်စည်ပင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့ကလည်း မြို့နယ်အတွင်း ကျန်းမာရေး အသိ ပညာပေးခြင်း၊ အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်း၊ mask campaign ပြုလုပ်ပြီး mask အခုပေါင်း (၈၈၀၀) ကျော်ကို လမ်းသွားလမ်းလာ ပြည်သူများအား အခမဲ့ဝေငှပေးနိုင်ခဲ့သည်။

ထို့အတူ အခြေခံမဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်စေရေး မြို့နယ်ကော်မရှင်အဖွဲ့ခွဲနှင့် ပေါင်းစပ်ကာ ဌာန ဆိုင်ရာ အကြီးအကဲများအားနယ်မြေအုပ်စုအလိုက် တာဝန်ပေးအပ်၍ မဲဆန္ဒရှင် စာရင်းပြည့်စုံမှန်ကန်စေရေး ကွင်းဆင်းဆောင်ရွက်စေခဲ့ရာ  ဌာနအဖွဲ့(၈)ခုတွင် ကျေးရွာအုပ်စု (၂၃)အုပ်စု၊ မဲရုံ (၂၇)၊ မဲဆန္ဒရှင်(၁၃၈၁၉)ဦး၊ (၃၂)ရာခိုင်နှုန်းခန့် စိစစ်ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ကြောင်းသိရသည်။ အခြေခံမဲဆန္ဒရှင်စာရင်းနှင့်ဆက်စပ်၍ ကျေးရွာနေပြည်သူများနိုင်ငံသား စိစစ်ရေးကတ်ပြားများ လက်ဝယ်ရရှိရေးအတွက် မြို့နယ် လဝက ဦးစီးမှူး ကိုယ်တိုင်ဦးစီး၍ လက်ထောက်လဝကမှူးများဖြင့်အဖွဲ့ခွဲကာ ကျေးရွာအရောက် နိုင်ငံသား စိစစ်ရေး ကတ်ပြား များ ကွင်းဆင်းဆောင်ရွက်ပေးလျှက်ရှိရာ ယနေ့ထိ ကျေးရွာအုပ်စု (၁၆)အုပ်စု၊ (၉၀၉)ဦးအား စိစစ် ဆောင်ရွက်ထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။ အခြေခံမဲဆန္ဒရှင်စာရင်းတွင် ဖြည့်စွက်ရန် လိုအပ်သည့် နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ်အရေအတွက် (၇၄၉) ဦးအား ထည့်သွင်းဖြည့်ဆည်း ခဲ့ပြီး (၁၁.၁၈)ရာခိုင်နှုန်းပြီးစီး အောင် ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း မြို့နယ်စီမံခန့်ခွဲမှု ကော်မတီထံမှသိရသည်။

ကိုအောင်မိုး (ရွှေဖီမြေ)