မအီ မေ ၁၅
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဝနဝါသီအရှင်ဝါယာမိန္ဒ (အဂ္ဂမဟာကမ္မဌာနာစရိယ)၊ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာများ၏ အဓိပတိနာယကချုပ်၊ မြောက်ဦးဆရာတော်ဘုရားကြီးမှ ဦးဆောင်ကြီးမှူးဒါနပြု၍ ၇ ရက်သားသမီးများ၏ ကောင်းမှုအလှူတို့ဖြင့် မအီမြို့၊ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာကျောင်း၌ တည်ထားကိုးကွယ်သည့် အံတော်သိမ်စေတီတော်အထက်ဌာပနာပိတ်ပွဲနှင့် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဝနဝါသီအရှင်ဝါယာမိန္ဒ(အဂ္ဂမဟာကမ္မဌာနာစရိယ)၊ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာများ၏ အဓိပတိနာယကချုပ်၊ မြောက်ဦးဆရာတော်ဘုရားကြီးအား ဂုဏဝိသိဌပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက တက်ရောက်ပူဇော်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို၍ စတင်ဖွင့်လှစ်ခဲ့ပြီး မြောက်ဦး ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ယင်းနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီး ဓမ္မာစရိယ တက္ကသိုလ်နာယကချုပ်ဆရာတော် သုစိတ္တဘိဝံသထံမှ အနုမောဓနာတရားကို နာယူခဲ့ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့မှ နဝကမ္မနှင့် လှူဖွယ်ဝတ္ထုများကို ဆရာတော် သံဃာတော်တို့အား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် မြောက်ဦးဆရာ တော်ဘုရားကြီးမှ ရေစက်သွန်းချအမျှပေးဝေခဲ့သည်။ ထို့နောက်အခမ်းအနားကို ဗုဓ္ဒသာသနံ စိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတုဒီသာများကျွေးမွေးခြင်း၊ ရွေမိုးငွေမိုးများ ရွာသွန်းခြင်းများဖြင့် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။
မအီမြို့တွင် မာရ်ငါးပါးစေတီတော်များ ထီးတော်တင်ပူဇော်ခြင်း၊ ဓာတ်တော်စေတီများ ဌာပနာပူဇော်ခြင်းနှင့် မြောက်ဦးအထူးတရားပွဲများကို ကဆုန်လဆန်း(၈)ရက် (၇-၅-၂၀၂၂) ရက်နေ့မှစတင်၍ ရတနာ့မာရ်အောင်ဆံတော်ရှင်စေတီတော်ကိုလည်းကောင်း၊ (၈-၅-၂၀၂၂)ရက်နေ့တွင် သက္ကျမာရ်အောင်စွယ်တော်မြတ်စေတီတော်ကိုလည်း ကောင်း၊ (၉-၅-၂၀၂၂) ရက်နေ့တွင် ဇိနမာရ်အောင်စွယ်တော်မြတ်စေတီတော်ကိုလည်းကောင်း၊ (၁၀-၅-၂၀၂၂) ရက်နေ့တွင် မင်္ဂလမာရ်အောင်စွယ်တော်မြတ်စေတီတော်ကိုလည်းကောင်း၊ (၁၁-၅-၂၀၂၂)ရက်နေ့တွင် လောကမာရ်အောင်စွယ်တော်မြတ်စေတီတော်ကိုလည်းကောင်း၊ (၁၂-၅-၂၀၂၂)ရက်နေ့တွင် ထူပါရုံ(ငြိမ်းချမ်းရေး)စေတီတော်ကိုလည်းကောင်း၊ (၁၃-၅-၂၀၂၂)ရက်နေ့တွင် ဥရုဝေလအသွေးတော် ဓာတ်စေတီကိုလည်းကောင်း နေ့စဉ်စဉ်ဆက်မပြတ်ပူဇော်လာခဲ့ရာ ယနေ့ကဆုန်လပြည့် (ဗုဒ္ဓအခါတော်နေ့)တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့တက်ရောက်၍ မအီမြို့၊ ရတာနာ့မာရ်အောင်တောရဓမ္မရိပ်သာကျောင်းရှိ အံတော်သိမ်စေတီ တော်ဌာပနာပိတ်ပွဲကို ပူဇော်ကျင်းပခဲ့ခြင်းဖြစ်သည်။ မြောက်ဦးအထူးတရားပွဲများကို အဆိုပါ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာကျောင်း၊ လျောင်းတော်မူဘုရားကြီးရှေ့ ဘုရားရင်ပြင်တွင် ရတနာ့မာရ်အောင်ဆရာတော်ကြီးများမှ နေ့စဉ်ည(၇)နာရီအချိန်တွင် ကျင်းပခဲ့ပါကြောင်း၊ယနေ့ကဆုန်လပြည့်(ဗုဒ္ဓအခါတော်နေ့)တွင် မြောက်ဦးဆရာတော်ဘုရားကြီးမှ တရားရေအေး အမြိုက်ဆေးတိုက်ကျွေးသွားမည်ဖြစ်ကြောင်း မအီမြို့၊ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာကျောင်းမှ သိရသည်။
မောင်မောင်ဌေး(ပြန်/ဆက်)