(၇)ကြိမ်မြောက် မရမာကြီးအမျိုးသားနေ့ စစ်တွေမြို့၌ ကျင်းပ

စစ်တွေ မေ ၁၅

ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင် မရမာကြီးတိုင်းရင်းသားများ၏(၇)ကြိမ်မြောက် အမျိုးသားနေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ကျောင်းတက်လမ်းရပ်ကွက်ရှိ မရမာကြီးဘုန်းတော်ကြီး (ကျောင်းဟောင်း)၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို မရမာကြီးတိုင်းရင်းသား၊ တိုင်းရင်းသူများက ရိုးရာအကများဖြင့် ကပြဖျော်ဖြေကြပြီး မရမာကြီးတိုင်းရင်းသားလူမျိုးများ၏ နာယကဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇောတိကမဟာထေရ်မြတ်မှ ဩဝါဒကထာမိန့်ကြားသည်။ ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးရဲမှူးကြီး သက်လွင်က ဂုဏ်ပြုအမှာစကားပြောကြားပြီး မရမာကြီးစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ဦးမောင်နုက မရမာကြီးအမျိုးသားနေ့ဖြစ်ပေါ်လာပုံအား ရှင်းလင်းပြောကြားသည်။ ယင်းနောက် ရခိုင် တစ်မျိုးသားလုံးညီညွတ်ရေးကော်မတီ(ဗဟိုကော်မတီ)အဖွဲ့ဝင် ဦးသာပွင့်က ဂုဏ်ပြုအမှာစကားပြီး မရမာကြီး တိုင်းရင်းသားများကိုယ်စား ဦးစံထွန်းလှကကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ မရမာကြီးအမျိုးသားနေ့ကျင်းပနိုင်ရေးအတွက် ထောက်ပံ့ငွေကျပ်သိန်း (၃၀)အား ပြည်နယ်လမ်းပန် းဆက်သွယ်ရေးဝန်ကြီးကပေးအပ်ပြီး မရမာကြီး တိုင်းရင်းသားရိုးရာအကများဖြင့် ကပြဖျော်ဖြေကြသည်။

မရမာကြီးအမျိုးသားနေ့ကို မရမာကြီးတိုင်းရင်းသားမဟာဗောဓိလူမှုရေးအသင်းမှ ကြီးမှူး၍ ကျင်းပခြင်းဖြစ်ပြီး ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင် မရမာကြီးတိုင်းရင်းသားများသည် ရခိုင်ပြည်နယ် စစ်တွေမြို့၊ ပုဏ္ဏားကျွန်းမြို့၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်၊ မောင်တောမြို့နယ်၊ ကျောက်ဖြူမြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် နေထိုင်ကြပြီး လက်ရှိတွင်လူဦးရေ(၁၅၀၀၀) ဦးခန့်ရှိကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)