မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး မန္တလေးမြို့လေးပြင်လေးရပ်မှ သံဃာတော် (၁၀၂၆၄)ပါးအား ဆွမ်း၊ လှူဖွယ်ပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

မန္တလေး  မေ  ၁၄

ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော ၁၃၈၄ ခုနှစ် ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)တွင် သာသနာတော်နှစ် (၂၅၆၆)ခုနှစ် ပြည့်မြောက်သည့် အထိမ်းအမှတ်အဖြစ် မန္တလေးမြို့ လေးပြင်လေးရပ်မှ သံဃာတော် (၁၀၂၆၄)ပါးအား ပင့်ဖိတ်၍ ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ လောင်းလှူပွဲအခမ်းအနားကို ယနေ့နံနက် (၆) နာရီ က မန္တလေးကျုံးအရှေ့ဘက်၊ အနောက်ဘက်၊ တောင်ဘက်နှင့်မြောက်ဘက်တို့ရှိ သတ်မှတ်မင်္ဂလာမဏ္ဍပ်များတွင် ကျင်းပရာ နိုင်ငံတော်ဩဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတမဟာဓမ္မိကာရာမ ကျောင်းတိုက် မိတ္ထီလာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုဇနပီယ၊ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် မဟာဒမ္မိကာရာမတိုက် ရတနာပုံကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဏိတ ဘဒ္ဒန္တသီဟနာဒ အမှူးပြုသော ဆရာတော်ကြီးများ၊ မြို့နယ်အလိုက် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းစစ်ဌာနချုပ်နှင့် တပ်ရင်းတပ်ဖွဲ့များမှ စစ်သည်မိသားစုများ၊ ဌာနဆိုင်ရာများနှင့် အစ္စလာမ်/ ဟိန္ဒူ/ ခရစ်ယာန်ဘာသာအဖွဲ့များ၊ ဗုဒ္ဓဘာသာအသင်းအဖွဲ့များ မှ ဖိတ်ကြားထားသူများ၊ အလှူရှင်များနှင့် ပြည်သူများ အင်အား (၁၂၀၀၀)ခန့် တက်ရောက် ကြည်ညိုကြသည်။

ဦးစွာ မန္တလေးမြို့ လေးပြင်လေးရပ်တို့မှ ကြွရောက်တော်မူလာကြသော ဆရာတော်၊ သံဃာ (၁၀၂၆၄)ပါးတို့က ကျုံးလေးပြင်လေးရပ်ရှိ မင်္ဂလာမဏ္ဍပ်အသီးသီးတို့နှင့် ယာယီသီးတင်သုံးနေရာ များတွင် သီတင်းသုံးတော်မူကြသည်။

၎င်းနောက် နံနက် ၆နာရီတွင် အခမ်းအနားအား ကျုံးပြင်လေးရပ်ရှိ မင်္ဂလာမဏ္ဍပ်အသီးသီး၌ နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီးနောက် ဆရာတော်ကြီးများထံမှ ကိုးပါးသီလခံယူပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသော ပရိတ်တရားတော်များကိုနာယူကြည်ညိုပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီးနောက် ဆရာတော်ကြီးများထံမှ အနုမောဒနာ ရေစက်ချတရားနာယူပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုရုပ်သိမ်းခဲ့သည်။

ဆက်လက်၍ မန္တလေးမြို့ လေးပြင်လေးရပ်ရှိ သံဃာတော်(၁၀၂၆၄)ပါးတို့အား ဆွမ်း၊ ဆွမ်းဟင်း၊လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများလောင်းလှူပွဲကို တစ်ပြိုင်တည်းပြုလုပ်ရာ  သတ်မှတ်ထားသည့် ဥပသကာအဖွဲ့များမှ အစီအစဉ်များအတိုင်း ဆရာတော်ကြီးများအား ပင့်ဆောင် လာရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အလှူရှင်များက မန္တလေးကျုံးတောင်ပြင်ရပ်တွင် လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးများဖြစ်သည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဦးဆောင်သော အဖွဲ့က ကျုံးအရှေ့ပြင်ရပ်၌လည်းကောင်း၊ သယံဇာတရေးရာဝန်ကြီး ဦးဆောင်သောအဖွဲ့က ကျုံး အနောက်ပြင်ရပ်၌လည်းကောင်း၊ စီးပွားရေးရာဝန်ကြီး ဦးဆောင်သောအဖွဲ့က ကျုံးမြောက်ပြင်ရပ်၌ လည်းကောင်း၊ ကျုံးတစ်ဖက်လျှင်ဆရာတော် သံဃာတော်(၂၅၆၆)ပါးစီအား  ဆွမ်း၊ ဆွမ်းဟင်း ၊လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများကို တစ်ပြိုင်တည်း လောင်းလှူခဲ့ကြသည်။

ယနေ့ ပြုလုပ်သော အခမ်းအနားတွင် ဆရာတော်၊ သံဃာတော် (၁၀၂၆၄)ပါးတို့ အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှ မိသားစုနှင့် တပ်မတော်သား မိသားစုဝင်များမှ လှူဖွယ်ပစ္စည်းနှင့် လှူဒါန်းငွေတန်ဖိုး စုစုပေါင်း (၂၃၂,၁၅၇,၁၈၀)ကျပ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ အလှူရှင်လုပ်သားပြည်သူများမှ လှူဖွယ်ပစ္စည်းနှင့် လှူဒါန်းငွေတန်ဖိုး စုစုပေါင်း (၆၁၇,၈၄၅,၃၈၀)ကျပ်၊ လှူဖွယ်ပစ္စည်းနှင့် လှူဒါန်းငွေတန်ဖိုး စုစုပေါင်း (၈၅၀,၀၀၂,၅၆၀) ကျပ် (ကျပ်ရှစ်ထောင့်ငါးရာသိန်း နှစ်ထောင့်ငါးရာခြောက်ဆယ်တိတိဖြစ်ကြောင်းနှင့် အလားတူ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်အသီးသီးမှကျန်ရှိ မြို့နယ်(၂၁)မြို့နယ်တွင်လည်း သံဃာတော်(၁၀၈) ပါးစီဖြင့် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ခြင်းနှင့် ဆွမ်း၊ လှူဖွယ်ပစ္စည်း၊ အလှူငွေများ ဆက်ကပ်လောင်းလှူခဲ့ကြကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)