တာချီလိတ် မေ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်၊ တာ့ဟွာဘုံကျောင်း၌ ယနေ့ နံနက် ၉ နာရီအချိန်က ဖွင့်လှစ်သော မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ ခရီးသွားလုပ်ငန် းဖော်ဆောင်ခြင်းဆိုင်ရာ အခြေခံဝန်ဆောင်မှု သင်တန်းဖွင့်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ ခရီးသွားလုပ်ငန်း ဖော်ဆောင်ခြင်းဆိုင်ရာ အခြေခံဝန်ဆောင်မှု သင်တန်းဖွင့်ပွဲသို့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အမှာစကားပြောကြားရာတွင် ရှမ်းပြည်နယ်သည် ခရီးသွားလုပ်ငန်းအတွက် တောတောင်ရေမြေ သဘာဝအရင်းအမြစ်ပေါကြွယ်ဝသည့် ပြည်နယ် တခုဖြစ်သည့်အတွက် ခရီးသွားလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် အလားတူ သင်တန်းမျိုးကို ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့တွင် မေလ (၃)ရက်နေ့မှ (၅)ရက်နေ့အထိလည်ကောင်း၊ မေလ (၁၀)ရက်နေ့က တောင်ကြီးမြို့တွင်လည်းကောင်း ပို့ချခဲ့ ပြီး ယနေ့ တာချီလိတ်မြို့တွင် ဖွင့်လှစ်ပြီး မေ (၁၆)ရက်နေ့တွင် ကျိုင်းတုံမြို့၊ မေ (၁၇)ရက် နေ့တွင် ညောင်ရွှေမြို့တို့၌ ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင်လည်း အလားတူသင်တန်းကို ဖွင့်လှစ်နိုင်ရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ညွန်ကြားရေးမှူး ဦးထွန်းဦး၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွန်ကြားရေးမှူး ဦးထင်အောင်နိုင်၊ တာချီလိတ်မြို့ စစ်ဗျူဟာအဖွဲ့ (အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ ခရီးသွားလုပ်ငန်းဖော်ဆောင်ခြင်းဆိုင်ရာ အခြေခံဝန်ဆောင်မှုသင်တန်းသို့ တာချီလိတ်မြိုနယ်အတွင်းရှိ ဟိုတယ်/မိုတယ်/စားသောက်ဆိုင်များမှ ဝန်ထမ်းများ စုစုပေါင်း (၁၂၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ယာဆေး (ပြန်/ဆက်)