နေပြည်တော် မေ ၁၄
နေပြည်တော်ကောင်စီမှကြီးမှူး၍ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင်ရွှေလက်လှစေတီတော် မြတ်ကြီးပရိဝုဏ်အတွင်း အနောက်မြောက်အရပ်ရှိ မဟာဗောဓိညောင်ပင်တော်တွင် ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်၍ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် က ရန်အောင်မြင်ရွှေလက်လှ စေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးတို့ ကပ်လှူပူဇော်သည်။
ထို့နောက် မဟာဗောဓိညောင်ပင်တော်အား ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး အခမ်းအနားမှူးက ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ရန် ပန်ကြားသည့် မဟာဗောဓိရုက္ခသိဉ္ဇနပူဇာဂါထာကို ဖတ်ကြားပူဇော်သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် များနှင့်ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သတ်မှတ်ထားသည့်နေရာများအလိုက် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်၍ အမွေးနံ့သာရည်ဖြင့် ပက်ဖြန်းပူဇော်ကြပြီး မဟာဗောဓိညောင်ပင်အား လက်ယာရစ် လှည့်လည် ပူဇော်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ခရိုင်၊ပြန်/ဆက်)