မတ္တရာမြို့နယ်၌ ပရိတ်ရွတ်ဖတ်ပူဇော်ပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ကဆုန်ညောင်ရေသွန်း လောင်းပွဲကျင်းပ

မတ္တရာ မေ ၁၄

ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် မြို့နယ်လုံးကျွတ်ပရိတ်ရွတ်ဖတ်ပူဇော်ပွဲ၊ ဆွမ်းဆန်စိမ်းလောင်း လှူပွဲနှင့် ကဆုန်ညောင်ရေသွန်းလောင်းပွဲကို ယနေ့ ကဆုန်လပြည့်နေ့ နံနက် ၆ နာရီက မြို့နယ် အားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပရိတ်ရွတ်ဖတ်ပူဇော်ပွဲကို အားကစားရုံအတွင်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားကို နမော တဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး  အောင်မြေသုခကျောင်းတိုက် ပဓာန နာယက ဆရာတော်ဘုရားကြီးထံမှ (၅)ပါးသီလ ခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ကြွရောက်လာသော ဆရာတော်သံဃာတော် အရှင်သူမြတ်များမှ မေတ္တသုတ်အစရှိသော ပရိတ်တရားတော်များကို ရွတ်ဖတ် ပူဇော်ကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများမှ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ကျောက်တံတား ရေနားကျောင်းဆရာတော်မှ ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက်ချ အနုမောဒနာတရား ချီးမြှင့်ပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကား အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

ထို့နောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဆက်လက်ကျင်းပရာ ဆရာတော်သံဃာတော်များသည် ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးတစ်လျှောက် မြို့အဝင်မှ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး တစ်လျှောက် အောင်မြေသုခ ကျောင်းတိုက်သို့ ကြွရောက်ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများမှ သတ်မှတ်နေရာများမှနေ၍ ဆွမ်းဆန်စိမ်းများ၊ ဝတ္ထုငွေများနှင့် လှူဖွယ်ပစ္စည်းများကို လောင်းလှူခဲ့ကြသည်။ ဆွမ်းဆန်စိမ်း လောင်းလှူပွဲအပြီးတွင် အောင်မြေသုခ ကျောင်းတိုက်အတွင်းရှိ ဇေယျသုခမဟာ ဗောဓိညောင်ပင်အား ဆရာတော် သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပရိသတ်အပေါင်းတို့မှ ညောင်ရေသွန်းလောင်း ပူဇော်ခဲ့ကြသည်။

အဆိုပါ ပရိတ်ရွတ်ဖတ်ပူဇော်ပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ကဆုန်ညောင်ရေသွန်းလောင်းပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်ပြည်သူများမှ၊ လူမှုရေး အသင်းအဖွဲ့များမှ ပူးပေါင်းပါဝင်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)