မြို့သန့်ရှင်းသာယာလှပရေး တတိယအပတ် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

သံတွဲ မေ ၁၄

မြို့သန့်ရှင်းသာယာလှပရေးအပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး  ဆောင်ရွက်ခြင်းကို “ကဆုံလပြည့် ဗုဒ္ဓနေ့” အထိမ်းအမှတ်အဖြစ် ယနေ့ နံနက် ၇ နာရီမှစတင်၍ သံတွဲမြို့အမှတ် (၄)ရပ်ကွက် သမိုင်းဝင်တန်ခိုးကြီး ဗျာဒိတ်တော်ရ ရွှေဆံတော်စေတီတော် တောင်ခြေတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများနှင့် တပ်မတော်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား (၆၀၀)ခန့် က စုပေါင်း၍ မြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ရာသို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ်၊ ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဝင်းဗိုလ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များက လှည့်လည် ကြည့်ရှုအားပေး ခဲ့ကြကြောင်း သိရသည်။

ယခုလို မြို့သန့်ရှင်းသာယာလှရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှုများကို အပတ်စဉ် စနေနေ့တိုင်း စုပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံမှ သိရသည်။

သန့်ဇင် (ခရိုင်ပြန်/ဆက်)