သီပေါ မေ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့တို့သည် မြို့နယ်အတွင်းရှိရပ်ကွက်၊ ကျေးရွာများတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ ယနေ့ နံနက် ၈ နာရီက ဇာတ်စုရပ်ကွက်၊ မြို့လယ်ရပ်ကွက်နှင့် ဈေးရပ်ကွက်များသို့ အဖွဲ့(၃)ဖွဲ့ခွဲ၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နေအိမ်များအား တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားရသည့် အကြောင်းအရာများအား အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ပေးခဲ့ကြောင်း၊ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျန်းမာရေးဌာနမှ မြို့နယ် ဆေးရုံအုပ်နှင့် ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်ဆောင်ရွက်ပေး လျက်ရှိကြောင်းနှင့်အဆိုပါ အသိပညာပေးခြင်းလုပ်ငန်းများကို အပတ်စဉ် စနေနေ့တိုင်း အဖွဲ့(၃)ဖွဲ့ ခွဲ၍ ကွင်းဆင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)