တံတားဦးမြို့နယ်တွင် ဆရာတော်၊ သံဃာတော်(၁၀၈)ပါးအား သံဃာ့ဒါနဆွမ်းသပိတ် လောင်းလှူပွဲကျင်းပ

တံတားဦး မေ ၁၄

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ဟံသာဝတီကျေးရွာအုပ်စုအတွင်းရှိ သက္ကရာဇ် (၉၆၄)ခုနှစ် ညောင်ရမ်းမင်းတရာကြီး တည်ထားကိုးကွယ်တော်မူခဲ့သော မဟာမြတ်မုနီ ဘုရားခေါ်စန္ဒာမုနိ ဘုရားကြီး၏  ဆရာတော်သံဃာတော်(၁၀၈)ပါး သံဃာ့ဒါန ဆွမ်းသပိတ်လောင်းလှူပွဲကို ယနေ့ နံနက်(၆)နာရီက အဆိုပါဘုရား၏ အနောက်ဘက် အာရုံခံစောင်းတန်းအတွင်း၌ ကျင်းပကြသည်။

ရှေးဦးစွာ သံဃာ့ဒါန ဆွမ်းလောင်းလှူပွဲသို့ ကြွရောက်တော်မူကြသော ဆရာတော် သံဃာတော် များအား အာရုံဆွမ်းများ ဆက်ကပ်ကြသည်။ ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ ဆရာတော် သံဃာတော်များနှင့် ဒါယကာ ဒါယိများက “နမောတဿ” သုံးကြိမ်ရွတ်ဆိုပြီး ဖွင့်လှစ် ရာ ဒါယကာ ဒါယိများက တံတားဦးမြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တကောသလ္လထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး နိုင်ငံတော်သံဃာ့မဟာနာယက တံတားဦးမြို့နယ် တောင်းပြုံးကျေးရွာ ရွှေကျောင်းဆရာတော် ဘဒ္ဒန္တဝါယာမက အနုမောဒနာတရားချီးမြှင့်၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်ချအမျှပေးဝေကြသည်။ ဆက်လက်၍ ဆရာတော် သံဃာတော်(၁၀၈)ပါးအား တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တပ်ရင်း တပ်ဖွဲ့ဝင်များ အလှူရှင်များက သံဃာ့ဒါန ဆွမ်းသပိတ်လောင်းလှူပွဲကို စာရေးတံမဲစနစ်ဖြင့် လောင်းလှူကြသည်။

တံတားဦးမြို့နယ်အနေဖြင့် ဆရာတော်သံဃာတော်(၁၀၈) ပါးအား လှူဒါန်းမှုစုစုပေါင်းငွေကျပ် (၁၁၈၈၀၀၀၀) ခန့်မှန်းလှူဒါန်းနိုင်ကြောင်း၊ မဟာမြတ်မုနီ ဘုရားခေါ်စန္ဒာမုနိ ဘုရားကြီး၏  သံဃာ့ဒါနလောင်းလှူပွဲကို နှစ်စဉ် ကဆုန်လပြည့်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ရဲတင့်